Saturday, April 28, 2012

ဓမ္မတန်ခိုးကြောင့်ဘဝမြင်ခဲ့သူများ(၅)


မိန်းမနှင့်ယောက်ျားတို့၏ချစ်ခြင်း၊ မေတ္တာမျှခြင်းသည် အလွန်တရာဆန်းကျယ်လှ၏။ ရှေ့ဘဝများစွာ၌ အတူတကွခြစ်ခဲ့ခြင်းကြောင့်လည်း ချစ်စိတ်ခင်စိတ်ဖြစ်တတ်ကြ၏။ ပစ္စုပ္ပန်ဘဝ၌ သူ့ကျိုး၊ ကိုယ့်ကျိုး အပြန်အလှန်ပြုခြင်းကြောင့်လည်း မေတ္တာသက်ဝင် တတ်ကြ၏။ ထို့ပြင် တွေ့မြင်ဖန်များသော် မိမိအိမ်က ကျွန်ပင်ဖြစ်လင့်ကစား သနားစိတ် ဖြင့် ချစ်ကျွမ်းဝင်တတ်ကြ၏။ ထိုသို့ဖြစ်သောအခါ အချစ်ဝင်၍ အပြစ်မမြင်ကြတော့ပေ။ သူတို့၏ စိတ်ကူးရင်ကမ္ဘာထဲ၌ ချစ်သူသည် မိုးနတ်သားပမာ လှပနေတတ်ကြသည်။
ထို့ကြောင့်မဃဒေဝ၌ မိန်းမယောက်ျား၊ မြင်ဖန်များသော်၊ သနားချစ်ခင်၊ စိတ်ကျွမ်းဝင်ခဲ့၊ ကျွန်ပင်တမင့်၊ ဖြစ်လင့်ကစား၊မိုးနတ်သားသို့၊ ထင်မှားမယွင်း၊တပ်မက်လျှင်းခဲ့….ဟု စပ်ဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ထိုစာပိုဒ်လေးကိုဖတ်ရင်းသတိရလိုက်မိသည်က သောကသူဌေးမလေး မပဋာ အကြောင်းရယ်ပါ။ မပဋာ ဆိုသည်က အားလုံးနှင့် ရင်းနှီးပြီးသားဖြစ်သည်။သာဝတ္ထိ ပြည်မှာမိဘတွေက ဘုံခုနှစ်ဆင့်အထက်မှာထားသော သူဌေးသမီးလေးပေါ့။ မည်သည် ယောက်ျားလေးနှင့်မျှ ကျွမ်းဝင်ခြင်းမရှိ။ အိမ်က အခိုင်းစေ မောင်ဒါသနှင့်နေ့တိုင်း တွေ့ ဖန်များသဖြင့် သနားစိတ်၏ လှုံဆော်မှုဖြင့် ချစ်ရည်လူးခဲ့သည်။ မိဘတို့က ဂုဏ်ရည်တူ၊ အဆင်တူသူနှင့်ပေးစားမည်ပြုသောအခါ ချစ်လင်တော်မောင်နောက်သို့လိုက်ပါခဲ့သူ။ မွေးကတည်းက မပတ်သက်ခဲ့သော ဆင်းရဲဒုက္ခတို့ကို လင်တော်မောင်နှင့်အတူ မောင်တစ်ထမ်း၊မယ်တစ်ရွက်ခံစားခဲ့ရသူ။ လင်တော်မောင်က မြွေကိုက်လို့သေ၊သားင ယ်က စွန်ချီ၊သားကြီးက ရေထဲမျော၊ မိဘတို့မိုးသည်းထန်စွာသွန်းမှုကြောင့် အိမ်ပြို၍ သေဆုံးခြင်းနှင့်ကြုံခဲ့ရသူ။ အားကိုးရာများဆုံးရှုံးရခြင်းကြောင့် သွက်သွက်ခါခါအောင် ရူးသွားခဲ့သူပါ။
မြတ်စွာဘုရားရှင်၏ ဆုံးမမှုကြောင့် အသိတရားတို့ပြန်ကပ်ခဲ့သည်။ ချစ်သမီးပဋာစာရာ. သား၊ လင်၊မိဘ၊ မောင်တို့သည် တမလွန်လောကသို့သွားရသူအဖို့ အစောက်အရှောက်မဖြစ်နိုင်ကြ၊သူတို့သည် ပုန်းအောင်းမှီခိုရာလည်းမဖြစ်နိုင်ကြကုန်။ သား၊လင်၊မိဘတို့ထင်ရှားရှိနေပါသော်လည်း သေမင်းတိုင်းပြည်သွားရမည့်သူအဖို့ရာ မရှိသည်နှင့်မထူးခြားသည်သာဖြစ်၏။ထို့ကြောင့်ပညာရှိသောသူသည် မိမိ၏ သီလကို သုတ်သင်စင်ကြယ်စေ၍ အကျင့်ကောင်းလမ်းစဉ်ကိုသာ ကောင်းစွာကျင့်စေရမည်.. ဟူသော မြတ်စွာဘုရားရှင်ဟောပြောပြီးသည့်အဆုံး၌ ပဋာစာရီသည် သောတာပတ္တိ ဖိုလ်ရရှိသွားပြီး ရဟန်းမပြုသွားတော့သည်။
ထေရီပဋာစာရီခြေဆေးအင်းပျဉ်၌ ခြေဆေးနေစဉ် ရေသုံးခွက်တို့၏ ရောက်ရာအရပ်တို့ ရောက်ရာအရပ်မတူညီပုံကဲ့သို့ အရွယ်သုံးပါးတွင် မည်သည့်အရွယ်တွင်မဆို သေဆုံး နိုင်ပုံတို့ကိုနှိုင်းယှဉ်ဆင်ခြင်မိသည်။ ထိုစဉ် မြတ်စွာဘုရားရှင်သည် ရောင်ခြည်တော်များ စေလွတ်၍ ထေရီပဋာစာရာ၏ရှေ့မှောက်၌ ကိုယ်တော်တိုင်ရောက်ရှိဟောတော်မူသကဲ့ သို့ ”ချစ်သမီးပဋာစာရာ ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို မရှု၊မဆင်ခြင်ပဲ အနှစ်တစ်ရာ ပတ်လုံးအသက်ရှင်ခြင်းထက် ခန္ဓာငါးပါးတို့၏ အဖြစ်အပျက်ကို ဆင်ခြင်သောသူ၏ တစ် ရက်မျှအသက်ရှင်ခြင်းသည်သာ မြတ်၏ “ ဟူသောတရားဂါထာကို ဟောကြားတော် မူ၏။ တရားနာပြိးသောအခါ ထေရီမသည် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာထေရီမ ဖြစ်သွားတော့သည်။ ထို့နောက်ဝိနည်းတော်ကို မြတ်စွာဘုရားရှင်တော်ထံ အကျယ် တဝင့်လေ့လာခြင်း၊ ပြန်လည်ပို့ချခြင်း အာဂုံဆောင်ထားခြင်းတို့ကြောင့် ဘိက္ခုနီမများ တွင် ဝိနည်းအရာ၌ အတော်ဆုံး၊အသာဆုံးဟူသော ဝိနယဓရ-ဝိနည်းဆောင် ၊ဧတဒဂ်- သရဖူကို ချီးမြင့်ခြင်းခံရသည်။
        ဤဝတ္ထုကိုဤကဲ့သို့သုံးသပ်မိသည်။ပဋာစာရီသည် မိဘစကားကိုနားမထောင်ပဲ ”ရွှေစင်တစ်လှည်းကို ငွေတစ်ပဲနှင့်လဲလှယ်ခဲ့သောကြောင့် စိတ်ကူးမယဉ်နိုင်လောက် သော ဒုက္ခများကိုရင်စည်းခံရသည်ဟုယူဆမိသည်။ ဒုက္ခဟူသည် တစ်ယောက်ထဲမလာ တတ် အဖော်ခေါ်လာတတ်သည်ဟုလည်းခံစားမိသည်။ သူမ၏ အဖြစ်ပျက်တို့သည် ကံဆိုးမသွားရာမိုးလိုက်လို့ရွာ ဟူသောအဆိုဖြစ်ပ်ါရာအကြောင်းဖြစ်မည်ဟုလည်း ထင်မြင်မိသည်။ မပဋာ၏ဘဝသည် သား၊လင်၊မိဘ၊မောင်းတို့မရှိတော့သဖြင့် ခိုကိုးရာ မဲ့ခဲ့သည်။ သို့သော် မြတ်စွာဘုရားရှင်နှင့်တွေ့ဆုံသောအခါ၌ကား စစ်မှန်သောခိုကိုးရာ ကိုတွေ့ရှိခဲ့သည်။ မြတ်ဗုဒ္ဓနှင့်မြတ်ဗုဒ္ဓ၏တရားဓမ္မ၊ မြတ်ဗုဒ္ဓတည်ထောင်ထားသော မြတ်သံဃာတို့သည် သူမ၏ စစ်မှန်သော ခိုကိုးရာဖြစ်ခဲ့သည်။မြတ်ဗုဒ္ဓ၏တရားဓမ္မတည်း ဟူသော မိုးသည် ပဋာစာရီ၏ ပူလောင်ပြင်းပြ ဘေးများလှသော ဘဝကို ကြည်သာအေး မြ ဘေးမခစေပဲ သောကအပူဟူသမျှ အေးမြစေခဲ့သည်။ ထေရီမ၏ ကြိုးစားကျင့်ကြံမှု တို့ကြောင့် ရဟဟန်းမများတွင့် ဝိနည်းအရာ၌ အသာလွန်ဆုံးဟူသော သရဖူကိုပင် ဆောင်းနိုင်ခဲ့သည်။ မြတ်စွာဘုရားရှင်၏ တရားဓမ္မသည် ခိုကိုးရာမဲ့နေသော ပဋာစာရာ ကို စစ်မှန်သော ခိုကိုးရာဖြစ်စေခဲ့သည်။ ရူးနှမ်းနေသောဘဝမှ ပကတိကောင်းသောဘဝ သို့ရောက်စေခဲ့သည်။ ပုထုဇဉ်ဘဝမှအရိယာဘဝသို့ရောက်စေခဲ့သည်။ သောကသူဌေး မလေးဘဝမှ သောကတို့ဝေးရာဘဝသို့ရောက်စေခဲ့သည်။ ထို့ကြောင့်ကျွန်ုပ်တို့သည် လည်းစစ်မှန်သောမြတ်စွာဘုရားရှင်၏ တရားဓမ္မတို့ဖြင့်ဘဝကိုပုံဖော်ကြပါစို့လား…။ စစ်မှန်သောအားကိုးရာကိုအမြန်ဆုံးတွေ့နိုင်ကြပါစေလို့…………

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts