Tuesday, May 1, 2012

ဂန္ထဝင်သြဝါဒနှင့် ဓမ္မစကူး


အမိမြန်မာနိုင်ငံအတွင်းသို့ ဒီမိုကရေစီဆိုသော ရေစီးကြောင်းတစ်ခု စီဝင်နေ လေပြီ။ ဒီမိုကရေစီရဲ့နောက်မှာ ပြည်ပမှ(Merchant) ခေါ်သော ကုန်သည်များဝင်ရောက်လာပေတော့မည်။သူတို့နှင့်အတူ အမိမြေနှင့် မတူခြားနားသော ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များပါလာတော့မည်။ တစ်ပါ တည်းဆိုသလို (Missionary) ဆိုသော သာသနာပြုအဖွဲ့လည်း ဝင်ရောက် လာပေဦးမည်။ ဒီတော့ မိမိဘာသာကို ထဲထဲဝင်ဝင်မသိသူများ၊ မိမိရိုးရာ ယဉ်ကျေးမှုကို မချစ်မြတ်နိုးတတ်ကြသူများမှာ သူတို့၏ပစ်မှတ်ဖြစ်တော့မည် ။
      ဒီတော့အမျိုးဘာသာ သာသနာကိုမည်သို့မည်ပုံ ကာကွယ် စောင့်ရှောက်ကြမည်နည်း…။ မည်သည့်ပုဂ္ဂိုလ်တို့မှာ တာဝန်ရှိပါသနည်း..။ ………စသည်ဖြင့်တွေးမိသည်။အဓိကတာဝန်ရှိသူသုံးဦးကိုစဉ်းစားမိသည်။ သာသနာပြုခေါင်းဆောင် ရဟန်းတော်များနှင့်သာသနာတော်အား ပစ္စည်းဝတ္ထုတို့ဖြင့်လှူဒါန်းထောက်ပံနေသော မင်းနှင့်ပြည်သူဟူသော လူကြီးပိုင်းနှင့် အနာဂတ်မျိုးဆက်သစ်ဖြစ်သော ကလေးသူငယ်တို့ပင်ဖြစ်သည် လို့ပေါ့။
တစ်ဆက်တည်း သတိရမိလိုက်သည်။ ပထမသင်္ဂါယနာတင်ပွဲမတိုင်မီ အရှင်မဟာကဿပမဟာထေရ်မြတ်မိန့်ဆိုခဲ့သော ဂန္ထဝင်သြဝါဒကိုပါ။
မယံ အာဝုသော ဓမ္မဉ္စ ဝိနယဉ္စ သင်္ဂါယမ။ ပုရေ အဓမ္မော ဒိဗ္ဗတိ ၊ ပဋိဗာဟိယျတိ။ ပုရေ အဝိနယော ဒိဗ္ဗတိ၊ ဝိနယော ပဋိဗာဟိယျတိ။ ပုရေ အဓမ္မဝါဒိနော ဗလဝန္တော ဟောန္တိ ဓမ္မဝါဒိနော ဒုဗ္ဗလာ ဟောန္တိ။ ပုရေ အဝိနယဝါဒိနော ဗလဝန္တော ဟောန္တိ ဝိနယဝါဒိနော ဒုဗ္ဗလာ ဟောန္တိ။ ငါ့ရှင်တို့…ငါတို့သည် မသူတော်တရားမထွန်းကားမီ၊ သူတော်ကောင်းတရား မကွယ်ပမီ ဝိနည်းမဟုတ်သော တရားမထွန်းကားမီ၊ ဝိနည်းတရားမကွယ်ပမီ အဓမ္မဝါဒီတို့ အားမရှိမီ၊ ဓမ္မဝါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ၊ အဝိနယဝါဒီတို့အားမရှိမီ၊ ဝိနယဝါဒီပုဂ္ဂိုလ်တို့ အားမနည်းမီ ဓမ္မနှင့် ဝိနယကို သင်္ဂါယနာ (စုပေါင်းရွက်ဆို)တင်ကြကုန်စို့…..ဟူသောသြဝါဒကိုပါ။
      ဤသြဝါဒနည်းအတူ အမိမြေ၌လည်း အရှင်မဟာကဿပ၏သြဝါဒတော်ကဲ့သို့ လုပ်သင့်ပေတော့သည်။ သင်္ဂါယနာတင်ဖို့တော့မဟုတ်ပါ။ အရှင်မဟာကဿပမထေရ်မြတ်၏ သြဝါဒနည်းတူတစ်ခုပါ။ အဲဒါကတော့ မျိုးဆက်သစ်လူငယ်လူရွယ်တို့အား ဓမ္မစကူးသင်ကြားရေးပါ။ ယခုလည်းလုပ်ဆောင်နေကြပါသည်။ ထိုအထဲတွင် ဗဟန်းမြို့နယ်၊ ရွှေကြက်ယက်တိုက်၊ ဓမ္မဥယျဉ်ကျောင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ဓမ္မဥယျဉ်ဆရာတော်သည် ဓမ္မစကူးသင်တန်းညွန်းတမ်းများကို တစ်နိုင်ငံလုံး အတိုင်းတာပမာဏအထိပေါ်ပေါက်လာစေရန်အင်တိုက်းအားတိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။ ဓမ္မဥယျဉ်ကျောင်းကဲ့သို့ တတ်နိုင်စွမ်းရှိသောကျောင်းတော်များကလည်း ဓမ္မစကူးသင်တန်းများပေါ်ပေါက်လာစေရန်ကြိုးစားအားထုတ်ကြမည်ဆိုပါက မျိုးဆက်သစ်လူငယ်တို့နှင့်သင်္ဂါယနာတင်သကဲ့သို့ဖြစ်သည်မဟုတ်ပါလား။ မျိုးဆက်သစ်လူငယ်တို့ရင်ထဲ၊ နှလုံးသားထဲမှာ ဘုရားတည်ပေးခြင်းမဟုတ်ပါလား။သို့မှသာလျှင် အခြားသောယဉ်ကျေးမှု၊ ဘသာသာခြားဓလေ့ထုံးစံတို့ကိုကာကွယ်ရာရောက်မည်ဖြစ်သည်ဟုထင်မြင်မိသည်။ ထို့ကြောင်းအရှင်မဟာကဿပမထေရ်၏ သြဝါဒကို ခံစားပြီး အကြံပြုချင်မိသည်။ အမိမြေ၌ တခြားသောအယူဝါဒများ အားမကောင်းမီ၊ အားမရှိမီ၊ စစ်မှန်သော ဗုဒ္ဓမြတ်စွာ၏ တရားတော်မြတ်များကို မျိုးဆက်သစ် လူငယ်မောင်မယ်တို့လက်ထဲသို့ ၊နှလုံးသားထဲသို့ အချိန်မီထည့်ပေးနိုင်ရန် ဓမ္မစကူးသင်တန်းကျောင်းများ အမြန်ဆုံးပေါ်ထွက်အောင်ဝိုင်းဝန်းကြိုးပမ်းသင့်ကြသည်ဟူ၍ပါ။ အို…ဗုဒ္ဓဘာသာဝင်အပေါင်းတို့ ဘာသာသာသနာမျက်လုံးကိုဖွင့်ပေးမည့်နေရာများအားတစ်ချက်လောက်လှည့်ကြည့်လိုက်ပါလို့တိုက်တွန်းလိုက်ပါရစေ……….
အားလုံးကျန်းမာချမ်းသာကြပါစေ…………..

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts