Thursday, October 25, 2012

အပေးအယူမျှတဖို့လိုပါသည်…



အပေးအယူနဲ့ပတ်သက်လို့စကားပုံတစ်ခုကြားဖူးသည်။ ပန်းပေးရင်အလှမ်းဝေးတယ်၊ ပေးတတ်ရင်နီးစပ်ပါတယ် …ဆိုပြီးတော့ပေါ့။
လောကမှရှိတဲ့သူအားလုံးကတော့ ကိုယ်ချစ်တဲ့သူကို အကောင်းဆုံးတွေ၊ အလှဆုံးတွေကိုပေးချင်ကြတာ မဟုတ်ပါလား…။သို့သော်တစ်ခါတရံမှာ…တိုက်ဆိုင်မှုကြောင့် စေတနာကိုဝေဒနာထင်သွားတတ်တာတွေလည်း ရှိပါတယ်…။ အခုလည်းကြည့်ပါအုံး…ဆဒ္ဒန်ဆင်မင်းကတော့…သူချစ်တဲ့ မိဖုရားနှစ်ပါး…လှပါစေတော့..မွှေးပါစေတော့…ဆိုပြီး..အင်ကြင်းပင်ကိုဦးကင်းနဲ့အသာလှုပ်ပြီးပန်းတွေကိုကြွေစေခဲ့ပါတယ်။ ဆင်မင်းကတော့စေတနာတွေနဲ့ပါ။ အဲဒီမှာတိုက်တိုက်ဆိုင်ဆိုင်ပဲ စူဠသုဘဒ္ဒါအပေါ်ကျတော့ ခါချဉ်ကောင်တွေကျသွားလေရဲ့….။လေတိုက်လို့တိုက်ဆိုင်မှုတစ်ခုဖြစ်သွားတာပါ။ ဆင်မင်းကတမင်ရည်ရွယ်ခဲ့ တာမဟုတ်ပါဘူး။ သို့ပေမဲ့ စူဠသုဘဒ္ဒါကတော့ တမင်ရည်ရွယ်တယ်လို့ထင်မှတ်ပြီး အငြိုးအတေးတွေထားခဲ့တာ ပေါ့။ အမုန်းတရားတို့ပေါက်ဖွားခဲ့တော့တာပါပဲ။ ချစ်ခင်မှုနယ်ပယ်ဝေးသွားတယ်ဆိုပါတော့။
ဆဒ္ဒန်ဆင်မင်းပေးလိုက်တာကတော့ အနှစ်မပြယ်တဲ့ချစ်ခြင်းမေတ္တာတွေပါ။ စူဠသုဘဒ္ဒါကတော့ အချစ်ခွန်အား ပေးသနားတယ်လို့မထင်ပဲ အမုန်းခွန်အားပေးသနားလိုက်တယ်လို့ထင်မှတ်သွားတာပေါ့….။
(ဒီအကြောင်းရာတွေကိုကြည့်ပြီး ပန်းပေးရင်အလှမ်းဝေးတယ်လို့များ တင်စားလိုက်ကြသည်လား)

ဟေး……ဘော်ဒါတို့ရေ………….ပြီးလည်းပြီးခါနီးပြီ ဒီပင်္ကရာဘုရားရှင်လည်းကြွလာခါနီပြီး အားထည့်လိုက် ကြဦးစို့၊……..ဒါတွေကတော့ ဒီပင်္ကရာဘုရားရှင်ကြွမြန်းလာမည့်လမ်းကိုပြင်ဆင်နေကြတဲ့ လုပ်အားပေးအဖွဲ့ရဲ့အသံတွေပဲဖြစ်ပါတယ်….ဒီအချိန်မှာ အများနဲ့မတူ တမူထူးခြားတဲ့ သူတစ်ယောက်က လုပ်အားဒါနပါဝင်ဖို့ခွင့်တောင်းလာပါတယ်….သူလာတာကိုက ကောင်းကင်ခရီးကနေလာခြင်းရယ်ပါ။ လုပ်အားပေးအဖွဲ့ကလည်းဒီလူပါဝင်ရင်တော့ သူ့တန်ခိုးနဲ့အမြန်ဆုံးပြီးမှာပဲလို့ယူဆပြီးလက်ခံလိုက်ပါတယ်. ထူးဆန်းတဲ့သူကတော့ အလောင်းတော်သုမေဓာအရှင်ရသေ့ရယ်ပါ။ အရှင်ရသေ့က တန်ခိုးနှင့်မလုပ်ဆောင်ပဲ အများနည်းတူ ကာယာဒါနအားဖြင့် လုပ်ဆောင်ပါတော့တယ်။ ဒီလိုနဲ့ပဲ ဒီပင်္ကရာဘုရားရှင်ကြွလာသည့်အခါ ရေမြောင်းအနည်းငယ်ကျန်နေခဲ့ပါတယ်။ ကျန်နေတဲ့ ရေးမြောင်းအပေါ်မှာ သုမေဓာရသေ့က ခန္ဓာကိုယ်ကို တံတားသဖွယ်ပြုလုပ်ပြီး ဘုရားနှင့်တကွသော နောက်ပါသံဃာတော်အပါးလေးသိန်းတို့ဖြတ်ကြွဖို့ လျှောက်ထား ပါတယ်။ ဒါကတော့ ဘုရားလောင်းတော်တို့သာဖြည့်ကျင့်နိုင်တဲ့ စိတ်ဓာတ်ပါ။ လေးသိန်းသော သံဃာတော်များ နင်းကြွမြန်ပါက အသက်ပါ ပါသွားနိုင်သည်မဟုတ်ပါလား။ အလောင်းတော်အနေနှင့် မိမိတကိုယ်ရေတကာယ အတွက်ဆိုလျှင် တစ်နေရာထဲပင်လျှင် အရဟတ္တဖိုလ်ရနိုင်ပါတယ်။ သို့သော် အများသတ္တဝါတွေအကျိုးကို သယ်ပိုလို၍ သဗ္ဗညုတဘုရားရှင်အဖြစ်ကိုဆုပန်ခဲ့ပါတယ်။ ဒီပင်္ကရာဘုရားရှင်ကလည်း လေးအသင်္ချေနှင့်ကမ္ဘာ တစ်သိန်းအထက်မှာ ဂေါတမဘုရားဖြစ်လိမ့်မည်ဟု ဗျာဒိတ်ပေးတော်မူခဲ့ပါတယ်။
 ဘုရားရှင်လာမည်မို့လာရောက်ဖူးမြှော်ကြသော ပရိသတ်အတွင်း၌ သုမိတ္တာအမျိုးသမီးလည်း အပါအဝင်ဖြစ်သည်။ သုမိတ္တာသည် အလောင်းတော်ကို မြင်လျှင်မြင်ချင်းကတည်းကပင် ချစ်ခင် မြတ်နိုးသည့် စိတ်ပေါ်နေခဲ့သည်။  အရှင်ရသေ့အားဘုရားရှင်အားလှူဒါန်းဖို့ရန်ယူဆောင်လာခဲ့သော ကြာပန်း ရှစ်ခိုင်ထဲမှ ကြာငါးခိုင်အား အရှင်ရသေ့လှူဒါန်းရန်ပေးအပ်ပါ၏…ကျန်သုံးခိုင်ကတော့ အကျွန်ုပ်လှူဒါန်းရန်အတွက် ဖြစ်ပါစေ..ဟု ပြောဆိုလှူဒါန်းပြီး အရှင် ရသေ့ အရှင်သည် ဘုရားဖြစ်ဖို့ရန် ပါရမီတော်တို့ကို ဖြည့်ကျင့်နေသမျှ ကာလအတောအတွင်း ကျွန်ုပ်သည် အရှင်နှင့်အတူတကွ ညီမျှသောဖြစ်ပါရစေသတည်း…..ဟု ဆုပန်ခဲ့သည်။
ဒီအဖြစ်ပျက်ကတော့……ပန်းပေးရင်အလှမ်းဝေးတယ်ဆိုတဲ့ ဆိုစကားရဲ့ဆန်းကျင်ဘတ်…ပေးတတ်ရင်နီးစပ် ပါတယ်……လို့ဖြစ်လာတယ်လို့ထင်ပါတယ်…….

ဒါကတော့ လောကဆိုရိုး တစ်ခုကိုဆန်းစစ်ကြည့်ယုံပါ…..ဒါလေးတွေကိုဖတ်ပြီးတော့ ဒီလိုကောက်ချက်ချမိ သည်…အမှတ်မထင် မရည်ရွယ်ပဲမှားခဲ့တဲ့ မှားသွားတဲ့အရာတွေကတော့ ရှိကြမှာပါ။ အကယ်လို့ ဒီလိုအမှား တွေကြုံခဲ့မယ်ဆိုရင် စိတ်ထဲမှာ အကြာကြီးအငြိုးအတေးတွေ၊ အာဃာတတွေမထားမိဖို့လိုပါတယ်….။အကယ် လို့ထားခဲ့မယ်ဆိုရင်…..မေတ္တာတွေခန်းခြောက်သွားမှာစိုးလို့ပါ။

အစမထင်ကျင်လည်ခဲ့တဲ့သံသရာကြီးထဲမှာ….ချစ်ခဲ့သူတွေ၊ မုန်းခဲ့သူတွေဆိုတာ ဖြစ်ခဲ့ကြမှာပဲ…။ဖြစ်ခဲ့တာတွေ၊ ရှိခဲ့တာတွေ ဖြစ်ပါစေတော့၊ ရှိပါစေတော့အသိဥာဏ်ရှိရှိဖြစ်နေရတဲ့ အခုဘဝအခုချိန်မှာတော့ တစ်ဦးတစ်ယောက်ရဲ့အမှားတွေကို ခွင့်လွတ်နိုင်အောင် ကြိုးစားကြပါစို့…..ဒါမှသာလျှင် စိုသော လက်တို့မခြောက်ခန်းမှာမဟုတ်ပါလား…
ဘုရားဟောဒေသနာအရ…..စိုသောလက်တို့မခြောက်ရန်အချစ်နှစ်ချက်ကိုတွေ့ရသည်….
အရင်ဘဝများစွာမှာ အတူတကွဖြစ်ခဲ့ခြင်း၊
ယခုပစ္စပ္ပန်ဘဝမှာ သူ့အကျိုး ၊ ကိုယ့်အကျိုး အပြန်အလှန်ဆောင်ရွက်ခြင်း….လို့ရယ်ပေါ့။
အပေးအယူတွေမျှတနေမယ်ဆိုရင်၊သူ့အကျိုးကိုယ့်အကျိုးတွေအပြန်အလှန်ဆောင်ရွက်နေမယ်ဆိုရင်…အချစ်တွေပြယ်ကြမှမဟုတ်ပါဘူး….
စိုသောလက်တို့ခြောက်ခန်းသွားမှာမဟုတ်ပါဘူး……ဒါကြောင့်……………………….

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts