Sunday, June 17, 2012

အတိုဆုံးဘုရားရှိခိုး


ဘုရားရှိခိုးတယ်ဆိုတာ မိမိဘဝခိုင်မာဖို့၊ ကိုးကွယ်ရာတစ်ခု ရှာမှီးလိုက်တာပါ။ ကိုး ကွယ်ဆိုတာမှား အားကိုးတာ ဆိုတာရယ်ကာကွယ်တာရယ်ဆိုပြီးတော့နှစ်ပိုင်းပါနေတာကိုတွေ့ရပါတယ်။မြတ်စွာဘုရားရှင်ထံတော်ကတန်ခိုးတော်အနန္တ၊ဘုန်းတော်အနန္တတို့ကို အားကိုးလိုက်ကြတာပါ။ မြတ်ဘုရား၏ ဂုဏ်တော်တို့ဖြင့် ဘေရန်တို့ဘေးကို ကာကွယ်ကြတာပါ။ မိမိရဲ့ရင်ထဲနှလုံးသားထဲကိုမြတ်စွာဘုရားရှင်၏ဂုဏ်တော်များ ကူးယူလိုက်ချင်းသာ ဖြစ်ပါသည်။ဘုရားရှိခိုးခြင်းကြောင့်အပါယ်ဘေးမှလွတ်မြောက်ခဲ့ပုံဝတ္ထုလေးတစ်ခုကိုအကျဉ်းမျှပြောပြချင်ပါသည်။ ဝတ္ထုနာမည်ကတော့ ဒါရုသာကဋိကပုတ္တ= ထင်းခွေသမားသား ဝတ္ထုလေးပါ။
          ဟိုရှေးရှေးတုန်းကရာဇဂြိုလ်ပြည်မှာပေါ့။သမ္မာဒိဋ္ဌိအယူရှိတဲ့ကလေးနဲ့မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ကလေး နှစ်ယောက်ခုံညှင်းပစ်ကစားကြတယ်။သမ္မာဒိဋ္ဌိကလေးက ကစားရင်မြတ်စွာဘုရားရှင်၏ဂုဏ်တော်ကိုအာရုံပြုပြီး နမော ဗုဒ္ဓဿ(ဗုဒ္ဓဿ၊ မြတ်စွာဘုရားရှင်အား။ နမော၊ရှိုခိုးပါ၏)လို့ဆိုပြီးကစားလေ့ရှိတယ်။ မိစ္ဆာဒိဋ္ဌိကလေးကလည်းတိတ္ထိတို့၏ဂုဏ်တော်ကိုအာရုံပြုပြီး နမော အရဟန္တာနံ(ရဟန္တာကြီးတို့အား။ နမော၊ရှိခိုးပါ၏) လို့ဆိုပြီးတော့ ကစားလေ့ရှိတယ်။ ကစားတဲ့အခါတိုင်း သမ္မာဒိဋ္ဌိအယူရှိတဲ့ကလေးကပဲအမြဲနိုင်လေ့ရှိပါသတဲ့။ မိစ္ဆာအယူရှိတဲ့ ကလေးကလည်း သမ္မာဒိဋ္ဌိအယူရှိတဲ့ကလေးရွတ်ဆိုနေကျ နမော ဗုဒ္ဓဿ ကိုနှုတ်တတ်ရအောင်လေ့ကျက် တော့သည်။ နောက်နေ့ကျတော့ မိစ္ဆာဒိဋ္ဌိအယူရှိတဲ့ကလေးဟာ ဖခင်နှင့်အတူ ထင်းခွေရာလိုက်သွားသည်။ အပြန်တွင် သုဿာန်အနီးရေပေါသောနေရာတစ်ခုမှာ နွားများကျောင်းရင်း ထမင်းစားကြသည်။ ဖြစ်ချင်တော့ နွားများက တခြားနွားများနှင့် မြို့အတွင်းသို့ဝင်ရောက်သွားတော့သည်။ ဖခင်က နွားများကိုမြို့တွင်းသို့ လိုက်ဖမ်းရင်း အချိန်တွေကုန်ပြီး မိုးချုပ်မှ နွားများကို ဖမ်းမိလေသည်။ သို့သော် မြို့တံခါး ပိတ်သွားသဖြင့် သားထံသို့ပြန်မသွားနိုင်တော့။ ထို့ညတစ်ညလုံး ကလေးငယ်တစ်ယောက်ထဲသာ အိပ်ရတော့သည်။ ထိုအရပ်က ဘီလူးများစောင့်ရှောက်သောနေရာဖြစ်သည်။ ညရောက်သောအခါ ဘီလူးနှစ်ကောင်တွင် မိစ္ဆာဒိဋ္ဌိအယူရှိသောဘီလူးက ကလေးကိုစားချင်နေသည်။ သမ္မာဒိဋ္ဌိအယူရှိသော ဘီလူးက မသင့်တော်ကြောင်းတားမြစ်သော်လည်းမရ ကလေးငယ်၏ ခြေထောက်ကိုလှမ်းဆွဲလိုက်သည်။ ကလေးငယ်သည် မိမိအမြဲရွတ်ဆိုနေကျဖြစ်သော နမော ဗုဒ္ဓဿ ကိုယောင်ရွတ်ဆိုမိတော့သည်။ ထိုအခါမှ မိစ္ဆာဒိဋ္ဌိအယူရှိသော ဘီလူးသည် ကြီးစွာသော ကြောက်လန့်ခြင်းဖြစ်သွားတော့သည်။ ထို့နောက် ဘီးလူးနှစ်ကောင်သည် ကလေးငယ်အား မိမိတို့အပြစ်အတွက် ကလေးငယ်၏ မိဘများအသွင်ဖန်ဆင်း၍ စောင့်ရှောက်ကြသည်။ နန်းတော်မှ ဘုရင့်ပွဲတော်အုပ်ကိုယူဆောင်၍ ကလေးငယ်အားကျွေးကြသည်။ ပွဲတော်အုပ်ကိုလည်း တန်ခိုးဖြင့် ဘုရင်တစ်ပါးသာမြင်နိုင်အောင် အဓိဋ္ဌာန်၍ စာရေးခဲ့ကြသည်။
          ဘုရင့်နန်းတော်မှာလည်း ပွဲတော်အုပ်ပျောက်၍ တစ်မြို့လုံး လိုက်လံရှာဖွေသော်လည်း မတွေ့သောကြောင့်နောက်ဆုံး မြို့အပြင်လိုက်ရှာကြရာမှ ကလေးငယ်၏ လှည်းပေါ်တွင်တွေ့သွားကြသည်။ ဘုရင်ဗိမ္မိသာရသည် ဘီလူးများရေးထားသော စာကိုတွေ့ပြီးလျှင် ကလေးငယ်၏ မိဘများနှင့်အတူ မြတ်စွာဘုရားရှင်ထံသော်သွားရောက်မေးမြန်းလျှောက်ထားတော့သည်။ ဘုန်းတော်ကြီးမားတော်မူလှသော မြတ်စွာဘုရား ဘုရားရှင်၏ ဂုဏ်တော်ကို အဖန်ဖန်အောက်မေ့သော ဗုဒ္ဓါနုဿတိတရားသည် စောင့်ရှောက်တက်သောတရားဖြစ်ပါသည်လားဘုရားဟု မေးလျှောက်၏။ ထို့အခါ မြတ်စွာဘုရားရှင်က မြတ်သောမင်းကြီး ဗုဒ္ဓါနုဿတိသည်သာ စောင့်ရှောက်တက်သောတရားမဟုတ်သေး။ ခြောက်ပါးသောတရားတို့ကို ကောင်းသောစိတ်ဖြင့် ထုံမွှမ်းထားသူကို ဘီလူးစသော ဘေးအန္တရယ်တို့ဘေးမှ ကွားကွယ်ပေးနိုင်သည်သာဖြစ်သည်ဟု ခြောက်ပါးသောတရားတော်များကိုဟောကြားတော်မူသည်။
အဲဒီခြောက်ပါးကတော့…..
၁။ နေ့ညမပြတ် ဗုဒ္ဓ၏ဂုဏ်တော်ကို အာရုံပြု၍ အမြဲအောက်မေ့မှုရှိခြင်း။
၂။ နေ့ညမပြတ် မြတ်တရားဂုဏ်ကို အာရုံပြု၍ အမြဲအောက်မေ့မှုရှိခြင်း။
၃။ နေ့ညမပြတ် သံဃာ့ဂုဏ်ကို အာရုံပြု၍ အမြဲအောက်မေ့မှုရှိုခြင်း။
၎။ နေ့ညမပြတ် ကာယဂတာသတိကို အမြဲအောက်မေ့မှုရှိုခြင်း။
၅။ နေ့ညမပြတ် မညှင်းဆဲခြင်းကရုဏာဘဝနာ၌ မွေ့လျော်မှုရှိခြင်း။
၆။ နေ့ညမပြတ် မေတ္တာဘာဝနာ၌ မွေ့လျော်သောစိတ်ရှိခြင်း………..ဤခြောက်ပါးတို့ကိုနေ့ညမပြတ် အားထုတ်ခြင်းရှိသောသူတို့အား အန္တရယ်တို့သည် မပြုလုပ်နိုင်ဟု ဟောကြားတော်မူခဲ့သည်။ တရားတော် အဆုံး၌ သူငယ်နှင့် မိခင် ဖခင်တို့သည် သောတာပတ္တိတရားထူးရသွားကြသည်။ နောင်အခါမှာတော့ အရဟတ္တဖိုလ်ချမ်းသာ ရရှိသွားကြပါသည်။ ဇတ်လမ်းကတော့ဤမျှသာပါ။
ဤဝတ္ထုလေးကို ဒီလိုရှုမြင်မိသည်။ မိစ္ဆာဒိဋ္ဌိကလေးသူငယ်သည် နမော ဗုဒ္ဓဿ ဟု ရွတ်ဆိုရာ၌ အနက်အဓိပ္ပာယ်သိ၍ ရွတ်ဆိုခြင်းမဟုတ်။ အမြဲနိုင်သော သမ္မာဒိဋ္ဌိကလေးသူငယ်ကိုအားကျလို့သာ နှုတ်တတ် လိုက်ဆိုခြင်းသာဖြစ်သည်။ ကလေးသူငယ်ရွတ်ဆိုခြင်းမှာ အာစိဏ္ဏကံမြောက်-အမြဲလေ့ကျက်သောကံမြောက် ရွတ်ဆိုနေခြင်းဖြစ်သည်။ ထို့ကြောင့် ဘီလူးလာဆွဲရာ၌ ယောင်ရွတ်ဆိုမိခြင်းဖြစ်သည်။ ထိုအကြောင်းအရာကို အတုယူ၍ ဗုဒ္ဓဘာသာဝင်တို့သည်လည်း ပါဠိစကားလုံးများကို အပြည့်အဝနားလည်၍ဖြစ်စေ၊ နားမလည်၍ဖြစ်စေ နှုတ်တတ်ရွရွရွတ်ဆိုသင့်ကြောင်း တိုက်တွန်းလိုပါသည်။ တရားတော်ကို စောင့်ရှောက်သောသူအား တရားတော်သည် ပြန်လည်၍ စောင့်ရှောက်သည်မဟုတ်ပါလား။
          မိစ္ဆာဒိဋ္ဌိတို့သားအဖတို့သည်နမောဗုဒ္ဓဿဟူသောဗုဒ္ဓါနုဿတိဂုဏ်တော်ကိုအခြေခံ၍ မြတ်စွာဘုရားရှင် ဟောကြားတော်မူအပ်သောတရားတော်ကြောင့် သောတာပတ္တိဖိုလ်ရရှိသွားကြသည်။ မိစ္ဆာဒိဋ္ဌိသားအဖတို့သည် မြတ်စွာဘုရားရှင်၏ တရားတော်များကို နားကြားနေစဉ်မှာလည်း ကောင်းခြင်းတရားတို့နှင့် ပြည့်စုံနေသည်သာ ဖြစ်သည်။ တရားတော်ကိုကျင့်ကြံနေစဉ်အခါမှာလည်း ဖလသမာပတ်တို့ဖြင့် ချမ်းသာနေကြသည်သာဖြစ်သည်။ နောက်ဆုံးမှာလည်း အရဟတ္တဖိုလ်ချမ်းသာဖြင့် ဘဝနိဂုံးချုပ်ခဲ့ကြ၍ အဆုံးမှာလည်းကောင်းခြင်းတို့နှင့်ပြည့်စုံ နေသည်သာဖြစ်သည်။ ထို့ကြောင့် သာသနာတော်သည် အစ အလယ် အဆုံးတို့ဖြင့် ကောင်းမြတ်သော သာသနာဖြစ်သည် ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။
          အကယ်၍ မိစ္ဆာဒိဋ္ဌိသားအဖတို့သည် မြတ်စွာဘုရားရှင်နှင့်မတွေ့ဘဲ ဘဝနိဂုံးချုပ်ခဲ့ကြပါက အုန်းပင်ထန်းပင်ပေါ်မှာ အုန်းသီး ထန်းသီးများကြွေကြသလို ရောက်ချင်ရာရောက်နေကြအုံးမည်ဖြစ်သည်။ ဤသည်မှာ စစ်မှန်သော အယူဝါဒမည်မျှအရေးပါကြောင်းကို တွေ့မြင်နိုင်ပေသည်။ အယူမှန်ဖို့မှာလည်း စစ်မှန်သောဆရာတို့လမ်းညွန်ပြမှုသည်လည်းအရေးပါလာသည်။ထိုအကြောင်းအရာနှင့်ပတ်သက်လို့ လင်္ကာတစ်ပုဒ်ကိုသတိရမိသည်။
“နဖူးစွန်းနှင့်၊ဒူးပွန်းခံကာ၊ကိုးကွယ်ပါလည်း၊ဆရာလွဲက၊ငရဲအပါယ်၊အမြစ်တွယ်၊ဝဋ်နွယ်ရှည်လျားရာ” ဆိုသောလင်္ကာလေးပါ။
မိစ္ဆာဒိဋ္ဌိသားအဖတို့သည် နမော ဗုဒ္ဓဿ ဟူသော အတိုးဆုံး ဘုရားရှိခိုးကြောင့် မိစ္ဆာဒိဋ္ဌိဘဝမှ သမ္မာဒိဋ္ဌိဘဝ၊ ပုထုဇဉ်ဘဝမှ အရိယာဘဝဖြင့် ဘဝနိဂုံးချုပ်ခဲ့ရသည်။ ဤသည်မှာ အတိုဆုံးသော ဘုရားရှိခိုးကြောင့်ဖြစ်သည်။ ဒါကြောင့် တို့သူတော်ကောင်းတို့လည်း ဒီနေ့မှစလို့ အတိုဆုံးဘုရားရှိုခိုးမှစ၍ အချိန်ပေးပြီးမြတ်ဘုရား၏ တရားဓမ္မတို့ကို လိုက်နာကျင့်ကြံကြပါစို့လို့ တိုက်တွန်းရင်း………………………
အားလုံးကျန်းမာချမ်းသာကြပါစေ……..

1 comments:

Phyu Lwin said...

အကျိုးကျေးဇူးအများကြီးရတဲ့ ဒီပို့စ်အတွက် ကျေးဇူးတင်ကြောင်းပါ ဘုရား

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts