Thursday, August 16, 2012

ချစ်ရတဲ့သူကို သတိရမိချိန်...


မိမိ ကောင်းတာလေးတွေကို သုံးဆောင်ခံစားရတဲ့အခါ ချစ်ရတဲ့သူကို သတိရမိတယ်လို့.....ကြားဖူးပါတယ်။ သတိရတဲ့ပုဂ္ဂိုလ်ကတော့ အမျိုးမျိုး ရှိကြမည်ဖြစ်သည်။ဒီအကြောင်းကို ဘုရားဟော ပိဋကတ်တော်မှာ လက်လှမ်းမီသလောက်ရှာကြည့်မိသည်။ ဒီအကြောင်းကို ဒီဃနိကာယ်၊ သီလက္ခန္ဓဝဂ်၊ သာမညဖလသုတ်တော်မှာတွေ့ရပါတယ်။ မိမိ ကောင်းတာလေးတွေကို သုံးဆောင်ခံစားရလို့ ချစ်ရတဲ့သူကို သတိရတဲ့သူကတော့ လူကြမ်းမင်းသားကြီး အဇာတသတ်ရယ်ပါ။ လူကြမ်းမင်းသားကြီးလို့တင်စားလိုက်ရတာကတော့ အဇာတသတ်ဘုရင်က မိမိရဲ့ကျေးဇူးရှင် ဖခင်ဗိမ္မိသာရကိုသက်လို့လူကြမ်းကြီးပေါ့။ ဇတ်လိုက်မင်းသားဆိုတာကတော့ အဇာတသတ်က အမြင်မှန်ကိုရပြိးနောက်ပိုင်း သာသနာတော် ကိုအသက်တမျှကြည်ညိုတာရယ်၊ပထမသင်္ဂါယနာကိုထောက်ပံတာရယ်၊ နောက်ငရဲမှလွတ်မြောက်ပါကပစ္စေကဗုဒ္ဓဖြစ်မယ်ဆိုတာရယ်ကြောင့်ပါ။

အားလုံးသိကြတဲ့အတိုင်းပေါ့။အဇာတသတ်ကဖခင်ကြီးကိုသက်ပြီး နောင်တတွေတစ်ထွေးကြီးနဲ့စားမဝင်အိပ်မပျော်ဖြစ်နေတာလေ။နောက်တော့ ဆေးဆရာဇီဝကရဲ့ တိုက်တွန်းမှုကြောင့် ဆေးဆရာဇီဝက လှူဒါန်းထားသောသရက်တောဥယျာဉ်မှာသီတင်းသုံးနေကြသောဘုရားရှင်ထံမှောက်ရောက်သွားသည်။သရက်ဥယျာဉ်မှာ သီတင်းနေကြသည်က ဘုရားရှင်နှင့်တကွ ရဟန်းတော်ငါးရာ။ သို့သော် ချောင်းဟန်းသံ၊ နှာချေသံမှမကြားရ။ ဒီတော့အပူလုံးကြွ ခံစားရနေရတဲ့ ဘုရင်အဇာတသတ် ကြောက်ရွံ့မှုတွေတိုးပွားလား။ ဆေးဆရာ ဇီဝကတိုက်တွန်းမှ ရှေ့ဆက်ခရီးရဲဆက်ခဲ့။

နောက်ဆုံးတော့ လူကြမ်းမင်းသားကြီး အဇာတသတ် ဘုရားရှင်နှင့် တကွသော ရဟန်းတော်ငါးရာကိုတွေ့ရပါပြီ။ အဇာတသတ်ဘုရင်ရဲ့မျက်နှာမှာတော့ အံ့သြမှုတွေနဲ့ပြည့်နှက်လို့ပေါ့။ ပြီးတော့ စိတ်ထဲကနေ တိုးတိုးလေး ဥဒါန်းကျူးရင့်နေသေးသည်။ “ရဟန်းသံဃာများငြိမ်သက်ခြင်းနှင့်ပြည့်စုံသလို ငါ့သားတော်လေး ဥဒယဘဒ္ဒမင်းသားလေးကိုလည်း ဒီလိုငြိမ်သက်ခြင်းနဲ့ပြည့်စုံစေချင်လိုက် ဆိုပြီးတော့ပေါ့”။

ဒါကိုသိတော်မူသော မြတ်စွာဘုရားရှင်က မင်းကြီး..“ချစ်မြတ်နိုးရာအရပ်သို့ သင်(စိတ်အားဖြင့်) ရောက်သွားလေးပြီ” ဟုမိန့်တော်မူလိုက်သည်။
အဇာတ်သတ်မင်းက “ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား..တပည့်တော်သည် ဥဒယ မင်းသားအားအရမ်းချစ်ပါ၏။ ရဟန်းသံဃာသည် ငြိမ်သက်ခြင်းနှင့်ပြည့်စုံသကဲ့သို့ ဥဒယမင်းသားကိုလည်း ငြိမ်သက်ခြင်းနှင့်ပြည့်စုံစေချင်ပါသည်ဘုရား” ဟုလျှောက်ထား၏။

အဇာတသတ်ဘုရင်သည် ပူပြင်းလှသော ဒုက္ခတွေကို ခံစားနေရတဲ့အခါ သားတော်လေးကို သတိရသည်မဟုတ်။ မိမိရင်ထဲ ဝုန်းဒိုင်းကြဲခံစားနေရသော ဒုက္ခတွေ့နဲ့ ပြောပြန် ရဟန်းသံဃာတွေရဲ့ ငြိမ်သက်ခြင်းသုခကိုခံစားရမှသာ သတိရခြင်းဖြစ်သည်။ ထိုပြင် ဘုရင်အဇာတသတ်မြင်နေရသော ရဟန်းသံဃာသည် ပူပြင်းရှုပ်ထွေးလှသော လူ့ဘဝထက်မြင့်မြတ်နေသည်။ သူသည် ချစ်လှစွာသော သားတော်လေးကို မြင့်မြတ်သော ဘဝသို့သာဖြစ်စေချင်သည်။

ဒါကတော့သုတ္တန်ထဲက ချစ်ရတဲ့သူကိုသတိရမိတဲ့အချိန်ဖြစ်သည်။ အပြင်လောကမှာတော့ ချစ်ရတဲ့သူကိုသတိရမိတဲ့သူတွေက အမျိုးမျိုးကွဲပြားနေမှာပါ။
ကွဲပြားကြပေမဲ့လည်း မိမိသတိရမိတဲ့သူကို အစစ အရာရာမှာမြင့်မြတ်လာအောင်ဖြစ်စေချင်ဖို့၊ လုပ်ပေးဖို့သာ အရေးကြီးဆုံးဖြစ်မယ်ထင်ပါတယ်။ သို့မှသာ လောကကြီးက အချစ်တို့ဖြင့် ပနာတင့် အလှသွေးကြွယ်နေမည်မဟုတ်ပါလား......?

အားလုံးချစ်ရတဲ့သူကို သတိရမိတဲ့အချိန်တွေများများပိုင်ဆိုင်နိုင်ကြပါစေ.........လို့ဆန္ဒပြုရင်း..........မိုးညွတ်ခ

4 comments:

စံပယ်ချို said...

အမုန်းတရားတွေကင်းပြီး
လူသားအားလုံးအပေါ် ချစ်ခြင်းတွေ
မြဲပါစေလို့ ကိုယ့်ကိုကိုယ် ဆုတောင်ဘူးပါတယ်ဘုန်းဘုန်းရှင်
ချမ်းမြေ့ပါစေ

အိပ်မက်ကောင်းကင် said...

အလည်လာရင်းမှတ်သားစရာကောင်းလှတဲ့ ပိုစ့်လေးကို မှတ်သားသွားပါတယ်

ကြည်ဖြူခင်ခင် said...

ချစ်ရတဲ့သူကိုသတိရမိတဲ့သူတွေက အမျိုးမျိုးကွဲပြားနေမှာပါ။
ကွဲပြားကြပေမဲ့လည်း မိမိသတိရမိတဲ့သူကို အစစ အရာရာမှာမြင့်မြတ်လာအောင်ဖြစ်စေချင်ဖို့၊ လုပ်ပေးဖို့သာ အရေးကြီးဆုံးဖြစ်မယ်ထင်ပါတယ် .. ဆိုတာ ဟုတ်ပါတယ်..။

moezawzaw said...

အမိုး အလည်လာရောက်ခဲ့ပါတယ်။ ဗဟုသုတ များစွာပေးသောကြောင့် ကျေးဇူးတင်ပါတယ်။
အားလုံးက ၀င်ဖတ်ဖို့မလွယ်တော့ အမိုး facebook မှာကူးယူဖော်ပြပေးမိပါတယ်။ ။
ဘုန်းဘုန်း ချမ်းမြေ့ပါစေ။
အမိုး

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts