Sunday, July 1, 2012

စကားနောက်မှာတရားပါ


ဖတ်မိခဲ့သည် မဃဒေဝမှာပေါ့။ ” တွေးဆမမှား ဥာဏ်စဉ်းစားလော့၊ စကားတွင်းမှာ၊ တရားပါ၏ “ တဲ့။ တဆက် တည်းမှာပဲ သတိရမိလိုက်သည်က ဥာတိကကလဟဝူပသမာန=ဆွေမျိုးတို့၏ ရန်ပွဲကိုငြိမ်းအေးစေခြင်းဆိုတဲ့ ဝတ္ထုကိုပါ။ ဇာတ်လမ်းအကျဉ်းလေးက ဒီလိုပါ။
           ကပိလဝတ်ပြည်နှင့် ကောလိယပြည်ဆိုတာက မြတ်စွာဘုရားရှင်၏ ဆွေတော်မျိုးတော်တိုင်းပြည်များ ဖြစ်ကြသည်။ မိုးခေါင်တဲ့ တစ်နှစ်နီးမှာပေါ့ ရောဟိနီမြစ်ရေကို အကြောင်းပြုပြီး အချင်းချင်းခိုက်ရန် ဖြစ်ပွားကြသတဲ့။ စကားများရင်း တစ်ပြည်ထောင်သားက တစ်ခြားတစ်ပြည်ထောင်သားကို ကိုယ်ထိ လက်ရောက်စော်ကားရာမှ အချင်းများရာမှ စကားထဲကဇာတိပြကြတော့သည်။ ကောလိယသားများက ကပိလဝတ်ပြည်သားများကို မောင်နှမအချင်းချင်း လက်ထပ်သောအကြောင်းတွေ၊ ကပိလဝတ်ပြည်သားများက လည်း တိရစ္ဆာန်တို့လို ကလောပင်၌ နေကြကုန်သော ကောလိယပြည်သားတို့ ဆိုပြီး တန်ဖိုးအထားဆုံးဇာတ် အထိ ပုတ်ခက်ပြောလာကြသည်။ အကျိုးဆက်ကတော့ စစ်အင်္ဂါလေးပါးနှင့်ယှဉ်ပြီး ချီတတ်လာခြင်းပေါ့။ မြတ်စွာဘုရားရှင်သည် သဗ္ဗညုတဥာဏ်တော်အတွင်းထင်မြင်လာ၍ ဆွေမျိုးတို့အား ချီးမြှောက်ခြင်းငှာ ရောဟိနီ မြစ်အလယ်၌ တန်ခိုးဖြင့်ထက်ဝယ်ဖွဲ့ခွေ သီတင်းသုံးတော်မူပြီး ရေနှင့်မင်းမျိုးတို့၏ အသက် ဘယ်က တန်ဖိုးကြီးသနည်း အစချီပြီး …
          ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုပဲ ချမ်းသာစွာငါတို့နေကုန်၏။ အမုန်းများ၍ ရန်ပွားတတ်သော သူတို့အလယ်၌ မေတ္တာရှေ့ထား ရန်မပွားပဲ ငါတို့နေကုန်၏။
        ကိလောသာအနာနှိပ်စက်ခံရသောသူတို့အလယ်၌ ကိလေသာအနာနှိပ်စက်မခံရပဲ ငါတို့နေကုန်၏။ ကိလေသာအနာရှိသောသူတို့အလယ်၌ ကိလေသာအနာကင်းစွာငါတို့နေကုန်၏။
        ကာမဂုဏ်ကိုကြောင့်ကြစိုက်ကုန်သောသူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ဘဲ ငါတို့နေကုန်၏။ ကာမဂုဏ်အတွက်ကြောင့်ကြကင်းစွာငါတို့နေကုန်၏………ဟူသောဂါထာတို့ကိုဟောကြားတော်မူခဲ့သည်။ တရားတော်အဆုံး၌ များစွာသော ဆွေတော်မျိုးတော်အပေါင်း သောတာပတ္တိဖိုလ်တည်ခဲ့ကြသည်။

ဤဝတ္ထုကိုဖတ်ပြီးဤကဲ့သို့သုံးသပ်မိသည်။ ကမ္ဘာလောကကြီး အတွင်း၌ရှိသော တော တောင်ဖြစ်ချောင်း အင်းအိုင်တို့သည် သူ့အချင်း သူ့အရည် သူ့ပကတိသဘောဖြင့် သာယာလှပနေကြချည်းသာဖြစ်သည်။ သူတို့၏ အလှဆင် အလှပြင်ပေးမှုကြောင့် ကမ္ဘာလောကကြီးသည်လည်း ယင်းတို့၏ အလှတရားဖြင့် အလှသွေးကြွယ် လျက်ရှိနေပေသည်။ သက်ရှိသတ္တဝါတို့၏ လောဘ ဒေါသတရားတို့ကြောင့် ကမ္ဘာကြီးသည် တစ်ရံတဆစ် အကျဉ်းတန်လျက်ရှိနေပေသည်။
ဒီဝတ္ထုမှာလည်း အဖိုးအနည်းငယ်မျှသာထိုက်တန်သော ရေကိုရလိုခြင်းလောဘ ဒေါသတို့ကြောင့် အချင်းချင်း စကားများကြရသည်။ ခိုက်ရန်ဖြစ်ပွားကြသည်။ ပိုဆိုးသည်က နှစ်ပြည်ထောင်မင်းတို့ တန်ဖိုးအထားဆုံး အမျိုးဇာတ်အထိ ထိပါးလာပြီး နှစ်ပြည်ထောင်မင်းတို့နားပေါက်သွားခြင်းဖြစ်သည်။ အမျိုးဇာတ်အကြောင်း တို့သည် နှစ်ပြည်ထောင်မင်းတို့၏ ခံစားချက်များဖြစ်သည်။ လူတို့မည်သည်က မိမိတို့ခံစားချက်ကိုထိပါး လာသောအခါ နောက်မှာတုန့်ပြန်ချက်သည်လည်းကပ်ပါလာကြသည်မဟုတ်ပါလား။ နှစ်ပြည်ထောင်မင်းတို့၏ ခံစားချက်သည်ကား စစ်အင်္ဂါလေးပါးချီတတ်ခြင်းသာဖြစ်တော့သည်။စကားနောက်မှာကပ်ပါလာသော တရားသည်ကားကြောက်စရာကောင်းလှသည်မဟုတ်ပါလား။စကားနောက်မှာကပ်ပါလာသောတရားသည်ကား ရောဟိနီမြစ်ရေနှင့်အတူ စီးဆင်းမည့်သွေးတို့ဖြစ်တော့မည်။ ထို့ကြောင့် စကားကို ဆင်ခြင်၍ ပြောသင့်သည်။ ဒီအကြောင်းရာတို့ကိုကြည့်ပြီး မဃဒေဝဆရာတော်က “တွေးဆမမှား၊ ဥာဏ်စဉ်းစားလော့၊ စကားတွင်းမှာ ၊တရားပါ၏” လို့ရေးစပ်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။
          နှစ်ပြည်ထောင်မင်းတို့သည် ရေကိုမည်သို့ မည်ပုံခွဲဝေအသုံးပြုသင့်သည် ဟု နည်းလမ်းဝိုင်း၍ မစဉ်းစားကြ။ လက်နက်ဒေါသတို့ဖြင့်ဖြေရှင်းကြတော့မည်ဖြစ်သည်။ရောဟိနီမြစ်ရေနှင့်ပတ်သက်၍ တန်ဖိုး အနဂ္ဃထိုက်တန်သော အသက်သွေားတို့ကို စွန့်လွတ်ကြတော့မည်ဖြစ်သည်။ ရွှေစင်တစ်လှည်းကို အသပြာတစ်ပဲနှင့်လဲကြတော့မည်ဖြစ်သည်။
          သို့သော် ဆွေးမျိုးမြတ် ဖြစ်သော မြတ်စွာဘုရားရှင်၏ ဟောပြောဆုံးမမှုကြောင့် သွေးချောင်းစီးမည့် ဘေးအန္တရာယ်မှ ကင်းဝေခဲ့ရသည်။ သူ့အသက်ကို သက်ခြင်းဘေးတို့မှ ကင်းဝေးခဲ့သောကြောင့် နှစ်ပြည်ထောင်မင်းတို့သည် အပါယ်ဘေးမှကင်းဝေးခဲ့သည်။ ရောဟိနီမြစ်သည်လည်း စိမ်းလန်း စိုပြေမြဲ လှပနေမြဲပင်ဖြစ်ခဲ့ရသည်။ နှစ်ပြည်ထောင်မင်းတို့၏ စိတ်သည်လည်း သောတာပတ္တိဖိုလ်အလှတရားဖြင့် ရောဟိနီမြစ်ကမ်းအလှနှင့်အတူ သူနိုင် ကိုယ်နိုင်အလှချင်းယှဉ်ပြိုင်လျက်ပင်ရှိတော့သည်။
ဤဇာတ်ကြောင်းမှ ပြဿနာဖြစ်စေသောအကြောင်းရာတို့ကိုဆင်ခြင်ပြီး မြတ်ဗုဒ္ဓ၏ မြတ်ဓမ္မကို ဘဝထဲထည့်ပြီး လိုက်နာကြပါစို့လို့တိုက်တွန်းလိုက်ပါရစေလား သူတော်ကောင်းတို့………
အားလုံးကျန်းမာချမ်းသာကြပါစေ……………
         

3 comments:

စံပယ်ချို said...

ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုပဲ ချမ်းသာစွာငါတို့နေကုန်၏။ အမုန်းများ၍ ရန်ပွားတတ်သော သူတို့အလယ်၌ မေတ္တာရှေ့ထား ရန်မပွားပဲ ငါတို့နေကုန်၏။

မှတ်သားသင့်တဲ့စကားတွေကို မှတ်သားခဲ့ပါတယ်ရှင်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဖတ်ရှုမှတ်သားသွားပါတယ် ရှင်။

Painlay said...

လေ့လာမှတ်​သားပြီး
ကူးစရာရှိတာ​တွေကို ကူးယူပြီး
Facebookမှာရှဲလိုက်​ပါပြီဘုရား

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts