Thursday, March 29, 2012

ဓမ္မတန်ခိုးကြောင့်ဘဝမြင့်ခဲ့သူများ(၂)

ဤကမ္ဘာလောကကြီး၌ လူမျိုးပေါင်းများစွာ၊ ဘာသာအယူဝါဒများစွာရှိကြသော်လည်း ၄င်းတို့ကို အရိုးဆုံး၊ အရှင်းဆုံး ၊ အလွယ်ဆုံး၊ အကျဉ်းဆုံး ရေတွက်ကြည့်လျှင် လူကောင်းလူလိမ္မာနှင့် လူယုတ် လူမိုက်ဟု ခွဲခြားသက်မှတ်နိုင်သည်။ လူကောင်း လူလိမ္မာတို့သည် ရှုထောင့်မျိုးစုံမှ ဤကမ္ဘာလောက ကြီးကို အလှဆင်နေကျသော်လည်း လူယုတ် လူမိုက်တို့သည် နည်းပရိယာယ်မျိုးစုံဖြင့် ဖျတ်ဆီးနေ ကြသည် ။ လူလိမ္မာတို့၏ လုပ်ဆောင်ချက်များသည် မိမိရော ပတ်ဝန်းကျင်ပါ ကောင်းကျိုးချမ်းသာ ဖြစ်ပွားစေကြ၏။ လူမိုက်တို့၏ လုပ်ရပ်များသည်ကား မိမိအပါအဝင်ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးများ ကိုသာ ဖြစ်ပွားစေ၏။
          ဤအကြောင်းအရာများနှင့်ပတ်သက်၍ ဇာတ်လမ်းအကျဉ်းလေးတစ်ခုကိုတင်ပြချင်ပါတယ်။ ဇာတ်ဝတ္ထုအမည်က “ခိုးမှု၌ငြိးငွေ့သောသူခိုး” ဝတ္ထုပါ။ မြတ်စွာဘုရာဇေတဝန်ရွှေကျောင်း တော်မှာသီတင်းသုံးနေဉ်အဖြစ်ပျက်လေးတစ်ခုပါ။ တနေ့မြတ်ဗုဒ္ဓတရားတော်မြတ်ဟောကြားနေစဉ် ပရိသတ်ကြား၌ ခိုးသူနှစ်ဦးလည်းပါလာလျှက်ရှိနေပေသည်။ အခွင့်ရေးရရင် ခိုးမယ်ဆိုတဲ့ရည်ရွယ် ချက်နဲ့ပေါ့။ တစ်ဦးသောခိုးသူကတော့ မြတ်ဗုဒ္ဓ ဟောကြားသောတရားတော်မြတ်ကို ကောင်းစွာ နာကြားရင်း သောတာပတ္တိဖိုလ်ဆိုက်ရောက်သွားခဲ့သည်။ တစ်ဦးသောခိုးသူကတော့ အလစ်ကြုံ၍ ငါးပဲမျှသော အသပြာကိုရလိုက်သည်။ အသပြာရသောခိုးသူပြောသည်က “သင်ကတော့ အလွန်ပညာ ရှိသည်၏ အဖြစ်ကြောင့် ထမင်းချက်စားစရာပင်မရခဲ့ပါတကား” ဟုပြောလိုက်သည်။ တရားပေါက် သွားသောခိုးသူသည်ကား မိမိတရားထူးရခြင်းကို အောက်မေ့ဝမ်းမြောက်လျက်ရှိနေတော့သည်။ မိမိ ဖြစ်ပျက်ခဲ့သမျှသော အကြောင်းအရာတို့ကိုဆွေးမျိုးများနှင်အတူ မြတ်စွာဘုရားအားဇေတဝန်ကျောင်း တော်သို့လျှောက်ထားလေရာ မြတ်စွာဘုရားရှင်က……“လူမိုက်ဖြစ်သော်လည်း မိမိမိုက်ကြောင်းကို သိလျှင် ပညာရှိဖြစ်၏။ လူမိုက်ဖြစ်လျှက် ပညာရှိဟု မှတ်ထင်သောသူကို မိမိအကြောင်းကိုမျှ မသိသ ဖြင့် တကယ့်ပညာမဲ့လူမိုက် ဟုအဓိပ္ပာယ်ရသော တရားတော်ကိုဟောကြားတော်မူခဲ့သည်”။ တရား တော်၏ အဆုံး၌ တရားရသွားသော ခိုးသူ၏ ဆွေမျိုးများ သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်ကြ ကုန်၏။
          တရားထူးရသွားသော ခိုးသူကိုကြည့်၍ မဃဒေဝ၌ “ကာလဒေသ၊ပုဂ္ဂလကို နှိုင်းဆမရှိ၊ မသိတတ်သူ၊ လူမိုက်ဟူ၏၊ သိမူမဏ္ဍိ၊ ပညာရှိရှင့်” ဟု စပ်ဆိုခဲ့ခြင်းဖြစ်ပေလိမ့်မည်။ ပတ်ဝန်းကျင်၏ ပြုပြင်ခြင်းကိုခံနေရ၍ ယာယီလူဆိုးလူမိုက်ဖြစ်နေသောသူတို့သည် အချိန်အခါ နေရာဒေသ အားလျှော်စွာ မိမိ၏ လုပ်ရပ်အမှားများကို ပြုပြင်ပြောင်းလဲပေးသော ပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံရလျှင် မိမိလုပ်ရပ်များကို နှိုင်းချိန် ဆင်ခြင် စဉ်းစား ပြုပြင်ပြီးလူကောင်းလူလိမ္မာဖြစ်အောင်ကျိုးစားကြ၏။
လူဆိုးလူယုတ်မာတို့သည်ကား မည်ကဲ့သို့သော ပညာရှိမျိုးနှင့် တွေ့ဆုံရစေကာမူ နှိုင်းချိန်မစဉ်းစားတတ်သဖြင့် လူမိုက်သည် လူမိုက်သာဖြစ်၍ နေတော့၏။
ဤဝတ္ထု၌ သူငယ်ချင်းခိုးသူနှစ်ယောက်တို့သည် ပစ္စည်းဥစ္စာခိုးရန်ဟူသော ရည်ရွယ်ချက်ဖြင့် လာခဲ့ကြ သည်။ ခိုးသူတစ်ယောက်သည် မြတ်စွာဘုရားရှင်၏ တရားတော်မြတ်ကို နာကြားရသောကြောင့် သောတာပတ္တိဖိုလ်သို့ဆိုက်ရောက်ခဲ့သည်။ ထိုခိုးသူသည် ရည်ရွယ်ချက်မကောင်းသောလည်း သောတာပတ္တိဖိုလ်ရောက်ခဲ့သောကြောင့် လာခြင်းကောင်းသောသူဖြစ်ခဲ့သည်။ သူသည် ခိုးသူဖြစ်နေသော်လည်း တရားနာခြင်းတည်းဟူသော အချိန်အခါ ၊ဇေတဝန်ရွှေကျောင်းတော်တည်း ဟူသော နေရာ၊ မြတ်စွာဘုရားရှင်၏ သွန်သင်ဆုံးမခြင်းတည်းဟူသော အကြောင်းတို့ကြောင့် သောတာပတ္တိဖိုလ်ရ၍ တကယ့်လူကောင်းလူလိမ္မာဖြစ်သွား၏။ ကျန်ခိုးသူသည်ကား ကာလဒေသ ပုဂ္ဂလ ကိုနားမလည်၍ မိုက်တွင်းဆက်နက်လျက်သာ။
          မြတ်စွာဘုရားရှင်၏ တရားတော်မြတ်သည် တရားတော်ကိုစောင့်ရှောက်လိုက်နာလျှင် တရားတော်သည်လည်း ပြန်လည်စောင့်ရှောက်သည်သာဖြစ်၏။လိမ္မာသွားသော ခိုးသူတစ်ယောက်က တရားတော်ကို လိုက်နာသောကြောင့် တရားတော်သည်လည်း ထိုခိုးသူကို အသိမှတ်ကိုရှေ့ဆောင်စေ၍ အလိမ္မာဖြင့်လမ်းပြခဲ့၏။ မိမိ၏ လုပ်ဆောင်ချက်ကို နှိုင်းဆစေ၍ သောတာပတ္တိဖိုလ်တည်းဟူသော ရသကိုခံစားစေခဲ့၏။ မြတ်စွာဘုရားရှင်၏ တရားတော်မြတ်ကြောင့် ခိုးသားသည် ခိုးမှုပြုလုပ်၍ အပါယ်ကျရောက်မည့်ဘေးမှ သူတော်ကောင်းဘဝ၊ လူဆိုးလူမိုက်ဘေးမှ လူကောင်းလူလိမ္မာဘဝ၊ ပုထုဇဉ်ဘဝမှ အရိယာဘဝသို့ကြီးပွားတိုးတတ်စေခဲ့၏။
          အချုပ်အားဖြင့် သောတာပတ္တိဖိုလ်ရရှိသွားသော ခိုးသူ ၏ ပြုပြင်ခြင်းနည်းစနစ်ကို အတုယူ၍ မိမိတို့လက်ရှိဘဝထဲထည့်၍ အသုံးချရပေမည်ဖြစ်သည်။ အရေးကြိးသည်က ကာလ ဒေသ ပုဂ္ဂလကို ကြည့်၍ မိမိတို့ဘဝကို မြတ်စွာဘုရားရှင်၏ တရားနည်းလမ်းများအတိုင်း လိုက်နာကျင့်သုံးကျရမည်သာဖြစ်၏။ ထို့ကြောင့် တိုးတိုးလေးရေရွတ်မိသည်က “ကာလဒေသ၊ပုဂ္ဂလကို၊ နှိုင်းဆမရှိ၊ မသိတတ်သူ၊လူမိုက်ဟူ၏၊ သိမူပဏ္ဍိ၊ ပညာရှိရှင့်” ဆိုတာလေးပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ……….

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts