ဘဝဆိုတာ အပြုအမူများ၏ အစုအဝေးတစ်ခုဖြစ်သည်။ အပြုအမူဆိုသည့်အထဲမှာ ကောင်းသည့် အပြုအမူ၊ မကောင်းသည့် အပြုအမူတွေပါရောပြွန်းပါဝင်နေပေသည်။ ကောင်းသောအပြုအမူတွေကို ပြုလုပ်ခဲ့ပါလျှင် ကောင်းသောဘဝတွေမှာ ကောင်းကျိုးတွေကို ခံစားရမှာဖြစ်ပါတယ်။ မကောင်းသော အပြုအမူတွေကို ပြုလုပ်ခဲ့ပါလျှင် မကောင်းသောဘဝတွေမှာ မကောင်းကျိုးတွေကို ခံစားရမှာ ဖြစ်ပါတယ်။ဤသည်မှာဓမ္မနိယာမ တစ်ခုသာဖြစ်သည်။ ကောင်းဆိုးနှစ်တန် ရောပြွန်ခံစားနေရသောလောကဇာတ်ခုံပေါ် လှုပ်ရှားနေကြသည်မှာ ဤဓမ္မနိယာမကြောင့်သာဖြစ်သည်။
အနိမ့်အမြင့်၊အယုတ် အမြတ်တို့ဖြင့် ရသစုံလင်လှသော ခုဇ္ဇုတ္တရာအကြောင်းကိုပြောပြချင် မိသည်။ ခုဇ္ဇုတ္တရာလောင်းလျာမသည် ခါးကုန်းနေသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးကို အတုခိုးကာ ပြုမူလှောင်ပြောင်ပြခဲ့သော ကာယကံမြောက်အကုသိုလ်၊ရယ်မောလှောင်ပြောင်ခဲ့သော ဝဇီကံမြောက် အကုသိုလ်တို့ကြောင့် အကျွတ်တမ်းဝင်မည့်ဘဝထိတိုင် အကျိုးပေးကာ ခါးကုန်းကုန်းလေး ဖြစ်ခဲ့ရသည်။ ခန္ဓာကိုယ်ချိုတဲ့သူများကိုမြင်တွေ့ရလျှင် အတုပြု ရယ်မော မလှောင်ပြောင်ဖို့ဆုံးမသကဲ့ သို့ရှိနေပေသည်။ အမြင်ကိုအမြင်တိုင်းသာထားသင့်ပေသည်။
နောက် ရဟန္တာထေရီမကို တပည့်တော်မရဲ့အလှပြင်ခြင်းလေးယူပေးတော်မူပါဘုရားဟု အမှတ်မထင်ခိုင်းမိရာမှ ဘဝများစွာ အစေခံဖြစ်ခဲ့ပြီး နောက်ဆုံးဘဝတိုင်အစေခံဘဝနှင့် ဘဝချုပ်ငြိမ်း ခဲ့သည်။တွေးတောဆင်ခြင်မှုမရှိပဲ စေခိုင်းခဲ့သော စကား၏ နောက်တွင် တရားပါ၍ ဘဝများစွာ အစေ ခံဖြစ်ခဲ့ရရှာသည်။
ထို့ကြောင့်မဃဒေဝ၌”တွေးဆမမှား၊ဥာဏ်စဉ်းစားလော၊စကားတွင်းမှာတရားပါ၏” ဟု ရေးစပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ဆင်ခြင်မှုမရှိပဲပြောမိသည့် စကားနောက်မှကပ်ပါလာသောတရားသည်ကား ကြောက်မက်ဖွယ်ကောင်းလေစွတကား…..။ခုဇ္ဇုတ္တရာလောင်းလျာ၏ ဘဝသည်“ ကြီးသူကိုရိုသေရ မည်” ဆိုသော အဆိုမိန့်ကိုအပြည့်အဝထောက်ခံလျှက်ရှိနေပေသည်။
ခုဇ္ဇုတ္တရာ၏ဘဝသည် ရူပါရုံကလည်း ခါးကုန်းကုန်း၊ အလုပ်ကိုင်ကလည်း အစေခံဖြစ်နေသဖြင့် သူမ၏ဘဝသည် မည်သည့်ရှုထောင့်မှသုံးသပ်သုံးသပ် ဘဝခါးလျှက်ရှိနေပေသည်။ ဘုရင်ပေးသော အသပြာရှစ်ကျပ်ထဲမှ လေးကျပ်ကိုလည်းနေ့စဉ်ခိုးဝှက်နေသဖြင့် အဆိုးပေါ်အယုတ်ဆင့်၍ ဆိုးယုတ်ကြီးပင်ဖြစ်လို့နေ၏။
သို့သော် အခွင့်ကြုံ အခါသင့်၍ မြတ်ဗုဒ္ဓ၏ တရားတော်ကိုနားကြားလိုက်ရသောအခါ သူမ၏ အသိအာရုံ၌ တရားဓမ္မစူးဝင်စွဲထင်ကာ သူမ၏ဘဝသည် အရင်နှင့် ဆီနှင့်ရေပမာ ကွာခြားသွားခဲ့၏။ မြတ်ဗုဒ္ဓ၏ တရားတော်မြတ်သည် မှောက်ထားသောအိုးကိုလှန်ပြသကဲ့သို့ခုဇ္ဇုတ္တရာ၏အမြင်ကိုပြောင်းလဲစေခဲ့၏။ အမြင်ပြောင်းလဲခြင်းနှင့်အတူ ဘဝသည်လည်း ပြောင်းလဲခဲ့၏။ သူမ၏ဘဝ၊ သူမ၏ကိုယ်သည် သောတာပတ္တိဖိုလ်တည်းဟူသော တရားဓမ္မဖြင့်ထုံမွှမ်းထား၍ အလှကြွယ်နေ၏။ ထိုအလှကို သိမြင်သော သာမာဝတီအမှုးပြုသော မောင်းမမိဿံတို့သည် ထိုကဲ့သို့ ဘဝလှပခဲ့ပုံတရားဓမ္မကို ပြန်ဟောပြခိုင်းရာမှ သူတို့သည်လည်း အလှပေါ်အယဉ်ဆင့်၍ အလှသွေးပို၍ ကြွယ်ခဲ့ကြသည်။ တရားဓမ္မတန်ဖိုးကိုသိသော သာမာဝတီ မိဖုရားသည် ထိုအချိန်မှစ၍ ခုဇ္ဇုတ္တရာကို မည်သည့်ပြုဖွယ်ကိစ္စကိုမှမပြုစေဘဲ အမိအရာ ဆရာအရာ ထား၍ စောင့်ရှောက်ခဲ့၏။ တရားဓမ္မများကိုသွားရောက်နာကြားစေ၍ တဖန်ပြန်၍ ဟောပြေစေခဲ့၏
ထိုကဲ့သို့ကျွန်ဘဝမှလွတ်မြောက်စေခဲ့ခြင်း၊ အမိအရာထား၍ စောင့်ရှောက်ခြင်းခဲ့ရခြင်းတို့မှာ ခုဇ္ဇုတ္တရာအဖို့စိတ်ကူးမျှ မယဉ်နိုင်သော အရာများဖြစ်၏။ သို့သော် စစ်မှန်သော မြတ်ဗုဒ္ဓ၏ တရားဓမ္မ အစွမ်းကြောင့် ခုဇ္ဇုတ္တရာ၏ ဘဝသည် ဘဝတင့်ဆန်း ဘဝင်ကျစရာဖြစ်၍ ဘဝမြင့်ခဲသည်။ထို့ပြင် မြတ်ဗုဒ္ဓ၏ တရားတော်မြတ်ကို အကြိမ်ကြိမ်နားကြာရခြင်းကြောင့် (ဥပသိကာမများတွင်)လူမိန်းမများ တွင် ဗဟုသတအရာ၌ မည်သူမျှ သူမကို မမီနိုင် သူမသာအမြတ်ဆုံးဟူသော ဗဟုသုတဧတဒဂ်မကိုဋ် သရဖူကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ချီးမြှင့်ခဲ့သည်။
ခုဇ္ဇုတ္တရာ၏ဘဝသည် ဓမ္မတန်ခိုးကြောင့် ကျွန်ဘဝမှ မိခင်ဘဝ၊ ပုထုဇဉ်ဘဝမှ အရိယာဘဝ သို့ အဆင့်ဆင့် တိုးတက်မြင့်မားခဲ့၏။ ဓမ္မအစွမ်းအံ့မခန်းပါတကား။
ဤအကြောင်းအရာများကိုဖတ်ပြီး ခုဇ္ဇုတ္တရာ၏ လက်တွေ့အသုံးချခဲ့သော တရားဓမ္မကို လိုက်နာကျင့်သုံးရမည်ဖြစ်သလို သူမ မှားခဲ့သော အမှားမျိုးလည်း မဖြစ်အောင် ကျင့်သုံးရမည်ပါလားလို့တွေးတောရင်း ”တွေးဆမမှာ ၊ဥာဏ်စဉ်းစားလော၊စကားတွင်းမှာ တရားပါ၏” ဟူသော မဃဒေဝလာ လင်္ကာလေးကိုလည်း အသိကပ်၍ ရွတ်ဖတ်မိနေတော့သည်။
0 comments:
Post a Comment