Thursday, February 9, 2012

ထားရှိရမည့်စိတ်ထား


ဤကမ္ဘာလောကကြီးထဲ၌ ဖြစ်ပေါ်လာသမျှသော အရာဝတ္ထုဟူသမျှသည် အကြောင်းတရားကြောင့်သာ ဖြစ်ပေါ်လာသောအကျိုးတရားများဖြစ်သည်။ ကောင်းသော အကြောင်းတရာားများကိုပြုလုပ်ခဲ့လျှင် ကောင်းကျိုးခံစားရမည်ဖြစ်သည်။ မကောင်းသောအကြောင်းတရားကို ပြုလုပ်ခဲ့ပါလျှင် မကောင်းကျိုးခံစားရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုး၊အကောင်း ဆိုတာ အကျိုး၊အကြောင်း၏ လက်အောက်ခံဟု ဆိုချင်မိပါသည်။
          မည်သူမဆို အကောင်းကိုပဲလိုချင်ကြသည်ဖြစ်၏။ အဆိုးကိုနည်းနည်းမျှ လိုချင်ကြမည် မထင်မိပေ။ ထိုကဲ့သို့ကောင်းကျိုးကိုခံစားဖို့၊ မကောင်းကျိုးကိုမခံစားဖို့အတွက် ဘာတွေလိုအပ်သနည်း?
          ဤကဲ့သို့ မေးခွန်းတစ်ခုထွက်လာ၏။
အနည်းဆုံးလိုအပ်ချက်ကတော့ အကျိုးအကြောင်းကိုတရားကို ဆန်းစစ်ဖို့လိုပ်အပ်လာပေသည်ဟုထွက်လာသည်။အကြောင်းကောင်းလျှင် အကျိုးကောင်းမည်၊ အကြောင်းဆိုးလျှင် အကျိုးဆိုးမည် မဟုတ်ပါလော။
 ဆိုတော့ အကြောင်းတရားကောင်းဖို့သည် အခြေခံလိုအပ်ချက်ဖြစ်လာသည်။ အကြောင်းတရား ကောင်းဖို့အတွက် အနားသက်စည်းမျဉ်းဥပဒေသနှစ်ရပ်ကို လိုက်နာဖို့လိုလာပေသည်။
ထိုနှစ်မျိုးကား ကုသလဆိုသောပုဒ်နှင့် အကုသလဆိုသောပုဒ်ဖြစ်သည်။ ပါဠိပျက်ဝေါဟာရနှင့်ပြောရလျှင်ကုသိုလ်နှင့်အကုသိုလ်ပေါ့။ထိုဝေါဟာရနှစ်မျိုးကိုအမြဲတမ်းပြောဆိုနေ၍ အကျွမ်းဝင်နေကြ၏။သို့သော်လေးနက်သောအဓိပ္ပာယ်ကိုကား လူတိုင်းသိအံ့မထင်။ ကုသလ ဆိုသောပုဒ်ကို အနဝဇ္ဇ သုခဝိပါကလက္ခဏာ ဟုဖွင့်ပြ၏။ အပြစ်မရှိခြင်း၊ကောင်းသောအကျိုးကိုပေးခြင်းလက္ခဏာ ဟူ၍ နှစ်မျိုးပါဝင်လျက်ရှိသည်။ အပြစ်မရှိခြင်းဟူသည် မိမိရော သူတစ်ပါးပါ အပြစ်မရှိခြင်းကိုဆိုလိုသည်။ မိမိအတွက်သာ အကျိုးရှိပြီး သူတစ်ပါးအတွက် အပြစ်ရှိနေလျင် ကုသိုလ်ဟုမဆိုင်နိုင်ပေ။ ထိုသို့မိမိရောသူတစ်ပါးပါ အပြစ်မရှိသော အလုပ်ကိုလုပ်ပါက ကောင်းသောအကျိုးကိုခံစားရမည်သာဖြစ်၏။
အကုသလဆိုသောပုဒ်ကို သာဝဇ္ဇဒုက္ခဝိပါကခက္ခဏာ ဟုဖွင့်ပြ၏။ အပြစ်နှင့်တကွဖြစ်ခြင်း၊ မကောင်းကျိုးကိုပေးခြင်းဟူ၍ နှစ်မျိုးပင်ပါဝင်လျက်ရှိ၏။ မိမိသူတစ်ပါး နှစ်ဦးသားအတွက် အပြစ်ရှိသောအလုပ်ကိုဆိုလိုသည်။ထိုအလုပ်မျိုးကိုပြုလုပ်ပါကမကောင်းသောအကျိုးတရားများခံစားရမည်သာဖြစ်၏။
          ထိုကဲ့သို့ ကုသိုလ်၊ အကုသိုလ်တရားနှစ်ပါးတို့၏ စည်းမျဉ်းဥပဒေသတို့ကိုလိုက်နာပြုကျင့်မှ သာလျှင် မကောင်းကျိုးတို့နှင့်ဝေးပြီး ကောင်းကျိုးတရားတို့ကိုခံစားရမည်ဖြစ်သည်။ ကုသိုလ်တရားတို့ကိုပြုမိဖို့၊ အကုသိုလ်တရားတို့မှ ရှောင်ကြဉ်ဖို့ဆိုရင် ထားရှိရမည့်စိတ်ထားသည်လည်း လိုအပ်လာပေသည်။ ထားရှိရမည့်စိတ်ထားကိုသိဖို့၊ထားတတ်ဖို့ အရှင်သာရိပုတ္တရာမထေရ်မြတ်၏ မိန့်ဟောချက်ကို အကျဉ်းချုပ်၍ပြောပြချင်ပါသည်။
          အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မကောင်းသောတရားများမဖြစ်စေဖို့ ကောင်းသောတရားများဖြစ်ပွားစေဖို့ အဂုတ္တရနိကာယ် ဒုတိယအာဃာတပဋိဝိနယသုတ်၌ထားရှိရမည့်စိတ်ထားကို ဤသို့လမ်းညွန်ထား၏။ ငါ့ရှင်တို့လောက၌ ပုဂ္ဂိုလ်ငါးမျိုးတို့နှင့်တွေ့ကြုံရပေမည်။ ထိုပုဂ္ဂိုလ်တို့ဟူသည်……….
၁။အပြုအမူနူးညံ့ပြီး၊ အပြောအဆိုကြမ်းတမ်းသောပုဂ္ဂိုလ်၊
၂။အပြုမူကြမ်းတမ်းပြီး၊ အပြောအဆိုနူးညံ့သောပုဂ္ဂိုလ်၊
၃။အပြုအမူလည်းကြမ်းတမ်း၊ အပြောအဆိုလည်းကြမ်းတမ်းပြီး၊ရံဖန်ရံခါသာကောင်းသောပုဂ္ဂိုလ်၊
၎။အပြုအမူလည်းမကောင်း ၊အပြောအဆိုလည်းမကောင်း၊ရံဖန်ရံခါမှလည်းမကောင်းသောပုဂ္ဂိုလ်၊
၅။အပြုအမူ၊အပြောအဆိုပါနူးညံ့သောပုဂ္ဂိုလ် တို့ဖြစ်သည်။
          ငါ့ရှင်တို့ထို့၎င်းကောင်းတို့တွင်အပြုအမူနူးညံ့ပြီးအပြောအဆိုကြမ်းတမ်းသောပုဂ်္ဂိုလ်နှင့်တွေ့ကြုံ ရသောအခါ ပံသုကူ သင်္ကန်းကောက်ယူသောရဟန်းကဲ့သို့ ပြုကျင့်ရမည်။ ပံသုကူသင်္ကန်း ကောက်ယူ သောရဟန်းသည် မိမိအလိုရှိသောအပိုင်းအစကိုသာယူပြီး၊ မိမိအတွက်အသုံးမကျသောအပိုင်းအစ တို့ကိုမယူသကဲ့သို့ ငါ့ရှင်တို့သည်လည်း ကောင်းသောအပြုအမူကိုသာ မိမိစိတ်၌ထားရှိရမည်။ မကောင်းသောအပြောအဆိုတို့ကို အာရုံမပြုလေနှင့်ဟု မိန်ကြားခဲ့သည်။
          အပြုအမူကြမ်းတမ်းပြီး အပြောအဆိုနူးညံ့သောပုဂ္ဂိုလ်တို့နှင့် တွေ့ကြုံရသောအခါ နေပူထဲကလာသောသူသည် ရေညှိရေမှော်တို့ဖြင့်ပြည့်နေသော ရေကန်မှ ရေညှိရေမှော်များကို ဖယ်ရှားပြီး ရေကြည့်ရေအေးကိုသောက်သုံးသကဲ့သို့ ရေညှိမှော်များနှင့်တူသော အပြုအမူအကြမ်းများကို သုတ်သင်ဖယ်ရှား၍ ရေအေးနှင့်တူသော အပြောအဆိုနူးညံ့ခြင်းကိုသာ မိမိစိတ်၌ထားရှိရမည် ဟု ညွန်ပြထားသည်။
အပြုအမူနှင့်အပြောအဆိုပါကြမ်းတမ်းပြီး တစ်ခါတလေမှသာ စိတ်ကောင်းဝင်သောသူများနှင့် တွေ့ကြုံရသောအခါ အလွန်မောပန်းနေသူသည် အလွန်ရေရှားသောအရပ်၌ နွားခြေရာခွပ်ထဲမှရေကို ဖြစ်သလို့သောက်ရခြင်း ကဲ့သို့ပြုကျင့်ရမည်ဖြစ်သည်။ နွားခြေရာခွပ်ထဲမှရေသည် အလွန်တရာမှ နည်းလှသောကြောင့်ခွပ်စသည်ဖြင့်ခက်လျှင်လည်း နောက်ကျူးသွားမည်သာဖြစ်၏။ထို့ကြောင့် နွားကဲ့သို့လေးဘက်ထောက်၍ ရေဆာပြေရန် ဖြေရှင်းရသကဲ့သို့ ကြမ်းတမ်းသော အပြုအမူအပြောအဆိုတို့ကို ပယ်ရှား၍ အငတ်ဘေးမှ ကာကွယ်ပေးတတ်သော ရေအနည်းငယ်နှင့်တူသော ရံဖန်ရံခါကောင်းတတ်သော စိတ်ထားလေးကိုသာ မိမိစိတ်၌ ထားရှိရမည်ဖြစ်သည်။
          အပြုအမူနှင့်အပြောအဆိုပါကြမ်းတမ်းပြီးတစ်ခါတလေမှကောင်းကွက်ရှာမရသောပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံသောအခါ ရွာအဆက်ဝေးသောလမ်းကြား၌ ဖျားနာပြီးသွားလာနေသောပုဂ္ဂိုလ်အား ဤပုဂ္ဂိုလ်အတွက်စားစရာ၊ဆေးဝါး၊ပံ့ပို့မည့်သူများတွေ့ကြုံပါစေဟု သနားခြင်းကရုဏာဖြစ်စေရမည်ဟု ညွန်ပြထားသည်။
          အပြုအမူလည်းကြမ်းတမ်းအပြောအဆိုလည်းကြမ်းတမ်းတစ်သက်လုံးမှသော်လည်းတစ်ခါမျှ ကောင်းကွက်ရှာမရသောသူ့အတွက် သေပြီးလျှင် ငရဲသို့ကျရောက်တော့မှာပါမည်လားဟု သနားခြင်း ကရဏာဖြင့်သုံးသပ်ရပေမည်။ အပြုအမူကလည်းကြမ်းတမ်း၊အပြောအဆိုလည်းကြမ်းတမ်း၊တစ်ခါမှ လည်းကောင်းကွက်မရှိပါလားဟု မဆင်ခြင်အပ်ပေ။ ထို့သို့ဆင်ခြင်မိပါက မိမိသည်သာ အကုသိုလ် အကျိုးများခံစားရမည်သာဖြစ်သည်။ ထိုသူအား မကောင်းသောဒုစရိုက်၊ မကောင်းသသောဝဇီဒုရိုက်၊ မကောင်းသောမနောဒုစရိုက်တို့အစားကောင်းသော ကာယသုစရိုက်၊ ကောသောဝဇီသုစရိုက်၊ ကောင်းသောမနောသုစရိုက်တို့ဖြစ်ပါစေဟုသာမိမိစိတ်၌ ထားရှိရပေမည်။
          အပြုအမူအပြောအဆိုနှစ်မျိုးလုံးကောင်းမြတ်သော ပုဂ္ဂိုလ်တို့နှင့်တွေ့ဆုံသောအခါ ပင်ပန်းနွမ်းနယ်နေသူတစ်ဦးသည် စိမ်းလန်းစိုပြေနေသော သစ်ပင်များနှင့်ပနာတင့်တယ်နေသော၊ ကြာမျိုးငါးပါးနှင့်ပြည့်စုံနေသော ရေကန်ထဲသို့ ဆင်း၍ ရေသောက်ခြင်း၊ရေချိုးခြင်းစသည်တို့ကိုပြုလုပ် ၍ အပန်းဖြေသကဲ့သို့ကျင့်ရမည်ဟု ညွန်ပြထားသည်။
          ပင်ပန်းနွမ်းနယ်သောသူသည် စိမ်းလန်းစိုပြေနေသောရေကန်ကိုကြည့်ရုံနေမျှဖြင့် မိမိ၏ ပင်ပန်းနွမ်းနယ်နေမှုကိုပယ်ဖျောက်နိုင်မည်မဟုတ်ပေ။ ရေကန်ထဲ၌ရှိသောရေကိုအသုံးချမှသာပင်ပန်းနွမ်းနယ်မှုပျောက်သွားခြင်းဖြစ်သည်။ ထို့အတူ အပြုအမူ အပြောအဆိုကောင်းသောပုဂ္ဂိုလ်တို့ကိုတွေ့ပါလျက် မိမိက မနာလိုခြင်းစသော အပြစ်မြင်နေပါက မိမိသာ အကုသိုလ်တရားများဖြစ်နေမည်ဖြစ်သည်။ ပင်ပန်းနေသူသည် ရေကိုအသုံးချ သလို မိမိတို့သည်လည်း အပြောအဆို အပြုအမူကောင်းသောပုဂ္ဂိုလ်တို့အပေါ်၌ ဝမ်းမြောက်မှုဖြစ်နေရမည်ဖြစ်သာဟု ညွန်ပြထားသည်။
          ထို့ကြောင်မိမိတို့အလိုမရှိသောအကုသိုလ်တရာများမှ ရှောင်ကြဉ်ပြီး ကုသိုလ်တရားများ ဖြစ်ပွားစေရန် ထားရှိရမည့်စိတ်ထားကို တင်ပြလိုက်ရပါသည်။ထားရှိရမည့်စိတ်ထား မှန်ကန်မှသာလျှင် ကောင်းကျိုးတရားများခံစားရမည်သာဖြစ်သည်။
 ထိုသို့ကောင်းကျိုးတရားများခံစားရပြီးမကောင်းကျိုးတရားများရှောင်ရှားဖို့ရန်ထားရှိရမည့်စိတ်ထားမှာ ယောနိသောမနသိကာရခေါ်သောမိမိစိတ်ကိုသင့်တင့်လျောက်ပတ်စွာထားရှိရမည်သာဖြစ်ပါသည်ဟု တင်ပြလိုက်ရပါသည်။
(မိုးညွတ်ခ)
ကျမ်းကိုး…..အဂုင်္တ္တရနိကာယ၊် ဒုတိယအာဃာတပဋိဝိနယသုတ်

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts