သမုဒ္ဒရာ၏ တစ်ဖက်ကမ်းနှင့်တစ်ဖက်ကမ်းးသည် ဝေးလွန်းလှ၏။
နေထွက်ရာအရပ်နှင့်နေဝင်ရာအရပ်သည် ဝေးလွန်းလှ၏။
ကောင်းကင်နှင့်မြေကြီးသည်လည်း ဝေးလွန်းလှ၏။
ထို့ထက် သူတော်ကောင်းတရားနှင့် မသူတော်တရားသည် ပို၍ဝေးကွာလွန်း လှ၏။ သမုဒ္ဒရာ၊ နေထွက်ရာ နေဝင်ရာ၊ ကောင်းကင်နှင့်မြေကြီးတို့သည် ခံစားချက်နှင့်ဆိုသောအရာများမဟုတ်။ သဘာဝတရား၏ ဝေးကွာခြင်းသာ ဖြစ်၏။တွဲလက်တို့ခိုင်မြဲဖို့အကြောင်းတရားများမဟုတ်။တွဲလက်တို့ ခိုင်မြဲဖို့ ဆိုရင် သူတော်ကောင်းတရားနှင့် မသူတော်တရားမဖြစ်ဖို့ပဲလိုပါမည်။ သူတော်ကောင်း တရားနှင့် မသူတော်တရားဖြစ်ပါက ဆန့်ကျင်ဖီလာဖြစ် နေမည်သာဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူတော်ကောင်းတရားနှင့် မသူတော်တရားသည် လမ်းစဉ်မတူသောကြောင့်ဖြစ်သည်။ လမ်းစဉ်မတူမှ တော့တွဲလက်တို့ခိုင်မြဲဖို့ဆိုတာလည်းဖြစ်နိုင်မည်မဟုတ်တော့ပေ။
တွဲလက်တို့ခိုင်မြဲဖို့ အကြောင်းတရားများကို နကုလပိတုဝတ္ထုလေးကိုနည်းနည်းလောက်ပြောပြ ချင်ပါသည်။ မြတ်စွာဘုရားရှင် ဘေသကဠာ တောအုပ်၌ သီတင်းသုံးနေစဉ် နကုလပိတာ တို့ဇနီး မောင်နှံ့တို့သည် မြတ်စွာဘုရားရှင်အား သားတော် ဟုခေါ်ဝေါ်၍ အကျွမ်းတဝင်ပြောဆိုကြ၏။ အဘယ့်ကြောင့်ဆိုသော်နကုပိတုဇနီးမောင်နှံ့တို့သည်ဘဝငါးရာကာလပတ်လုံးဖခမည်းတော်မယ်တော်အဖြစ် ဘဝပေါင်းငါးရာ၊ ဦးလေး၊အဒေါ်အဖြစ် ဘဝပေါင်းငါးရာ၊ ဦးကြီး၊ ဒေါ်ကြိးအဖြစ်ဘဝငါးရာ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။ အချစ်မေတ္တာတွေကိန်းဝပ်ခဲ့သောကြောင့် ဖြစ်သည်။
ဤအချက်ကိုထောက်ဆကြည့်ပါကမိမိတို့ယခုပေါင်းသင်းဆက်ဆံနေရသောသူတို့သည်အတိတ်ဘဝတွေကတစ်နည်းမဟုတ်တစ်နည်းဖြင့်တော်စပ်ခဲ့မည်သာဖြစ်။ဆက်လက်၍တွဲလက်တွေခိုင်မြဲဖို့ဆိုလျှင်ကား ပစ္စုပ္ပန်အချိန်မှာ သူ့ကျိုးကိုယ့်ဆောင်ရွက်ပေးဖို့ပဲလိုမည်ထင်ပါသည်။မြတ်စွာဘုရားရှင်သည် နကုလဇနီးမောင်နှံ့အား ပစ္စုပ္ပန် သံသရာတွေမှာ တွဲလက်မြဲမြဲခိုင်ခိုင်မာမာနေချင်တယ်ဆိုရင်တရား လေးပါးကိုလိုက်နာကြဟု ဟောကြားတော်မူခဲ့သည်။အဲဒါတွေကတော့……..
၁။ တူမျှသော သဒ္ဓါတရားရှိရမယ်..။
၂။ တူမျှသော သီလရှိရမယ်…။
၃။ တူမျှသော စွန့်ကြဲမှုရှိရမယ်…။
၎။ တူမျှသော အသိညာဏ်ရှိရမယ်… ဆိုတာတွေပါ။
ထို့ကြောင့် ယခုကြုံတွေ့နေရသော မိဘ၊ဇနီး၊သားသမီး၊ဆွေမျိုးညာတိတို့နှင့် ခိုင်မြဲသော လက်တိ့ဖြင့် နိဗ္ဗာန်မရခင်စပ်ကြားတိုင် လျှောက်လှမ်းချင်ကြတယ်ဆိုရင်ဖြင့် အထက်ပါလေးပါးကို လိုက်နာကြပါလို့ထပ်မံတိုက်တွန်းလိုက်ပါရစေ။
အထက်ပါလေးပါးကို မှတ်ရလွယ်အောင် လင်္ကာလေးနဲ့ပဲမှတ်လိုက်ပါ။
သဒ္ဓါသီလ၊စာဂပညာ၊တူညီမျှတရှိကြသောခါ၊လင်နှင့်မယား၊ချစ်အားပိုကာ၊သံသာထဲလက်တွဲမပြုတ်ပါ။ ဆိုတာလေးပါ။
လင်နှင့်မယားဆိုလို့ လင်နှင့်မယားပဲလိုက်နာရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ အဲဒါကဥပမာစကားရပ် လေးပါ။ခိုင်မာမြဲသောလက်တို့နှင့်လျှောက်လှမ်းချင်သူတိုင်းလိုက်နာရမယ့်စည်းမျဉ်းတွေပါ။ အားလုံးကျင့်သုံးနိုင်ကြပါစေ။
ကျန်းမာချမ်းသာကြပါစေ…….
1 comments:
မှတ်သားလေ့လာသွားပါတယ် အရှင်ဘုရား
Post a Comment