Monday, August 20, 2012

အလှပြင်နည်း


လောကရှိလူသားအားလုံးအလှတရားကိုခုံမင်ကြသည်။တပ်မက်ကြသည်။လူသားတိုင်းတစ်နည်းမဟုတ်တစ်နည်းဖြင့်အလှပြင်၊အလှဆင် နေကြသည်သာဖြစ်သည်။ ခေတ်ကာလရေစီးကြောမှာ အလှပြင်ပစ္စည်းများနေ့စဉ်မျိုးစုံထွက်လျက်ရှိနေသည်။ ခေတ်မီပစ္စည်းမျိုးစုံဖြင့်မရိုးနိုင်အောင်အလှပြင်နေသည်ကိုလည်း တွေ့ရမည်ဖြစ်သည်။

ဤကဲ့သို့ အလှပြင်ကြသည်မှာ ယခုခေတ်၌သာမဟုတ် မြတ်စွာဘုရားရှင်လက်ထက်တော်ကတည်းကရှိနေခဲ့သည်သာဖြစ်သည်။ လူတိုင်း အလှပြင်စေချင်သည်မှာ မြတ်စွာဘုရားရှင်၏ဆန္ဒတော်ဖြစ်သည်။ မြတ်စွာဘုရားရှင်ကလူတွေသာမကရဟန်းတော်တွေကိုလည်းအလှပြင်စေခဲ့သည်။ ရဟန်းတော်တွေအလှပြင်ခိုင်းပုံနှင့်ပတ်သက်လို့စကားပုံတစ်ခုတောင်ကျန်ခဲ့သည်။“ရဟန်းအဆင်း ကျောင်းတလင်း”ဆိုပြီးတော့ပေါ့။ မြတ်စွာဘုရားရှင်လက်ထက်တော်က ရဟန်းတော်တစ်ပါးသည် မိမိတံမြက်စည်းလှည်းထားသော၊ မိမိအလှပြင် အလှဆင်လိုက်သော ကျောင်းတလင်းကိုကြည့်ပြီး ကြည်နူးစိတ်(ပီတိ သောမနဿ)ဖြစ်ကာ မဂ်ဖိုလ်ရခဲ့သည်။ မိမိပြုပြင်လိုက်သော အလှတရား၏ အကျိုးကျေးဇူးကြောင့်ဖြစ်သည်။ ရဟန်းတော်များ၏ အလှပြင်နည်းဆိုပါတော့။

အမျိုးသမီးတို့ရဲ့ အလှပြင်နည်းကိုလည်းရှာဖွေကြည့်ရှုမိသည်။ အလှပြင်လိုက်မှ ထူးထူးခြားခြားလှပသွားသော အမျိုးသမီးတစ်ယောက်ကို တွေ့ရသည်။သူမကတော့“ရောဟိနီ”မင်းသမီးရယ်ပါ။ သူမရဲ့ပရိုဖိုင်ထဲကိုဝင်ကြည့်တော့ဒီလိုတွေ့ရပါတယ်။ သူမသည် သာကီဝင်မင်းသမီးတစ်ပါးပေါ့။ အရှင်အနုရုဒ္ဓါမထေရ်မြတ်ရဲ့နှမတော်ပါ။ သူမမှာ နူနာရောဂါရှိနေလေသည်။ အရှင်အနုရုဒ္ဓါမထေရ်မြတ်ကြွာလာတာတောင် ရှက်လို့ထွက်၍ မဖူးမြော်ခဲ့။ အရှင်ကခေါ်ခိုင်မှသာ လာရောက်ဖူးမြော်ခဲ့သူပါ။ အရှင်မြတ်က သူမ၏ လက်ဝတ်တန်ဆာတို့ကိုရောင်းချပြီးဆွမ်းစားကျောင်းဆောက်ဖို့နှင့် တံမြတ်လှည်းခြင်းစတာတွေလုပ်ဖို့စေခိုင်းခဲ့။ မင်းသမီးသည် ဆွမ်းစားကျောင်းဆောက်ပြီးသူမကိုယ်တိုင်တံမြတ်စည်းလှည်းခြင်း၊နေရာခင်းခြင်း၊သောက်ရေဖြည့်ခြင်းဆိုတာတွေကိုပြုလုပ်ခဲ့။ကျောင်းတော်ဆောက်လုပ်နေစဉ်ပင်သူမ၏နူနာရောဂါတို့ မေးမှိန်ခဲ့။

ကျောင်းရေစက်ချသောအခါမှာလည်းမလာရောက်ခဲ့။မြတ်စွာဘုရားရှင်အခေါ်ခိုင်းမှလာရောက်တရားနာခဲ့။သူမသည် ဗာရာဏသီမင်းကြီး၏ မိဖုရားဖြစ်ခဲ့စဉ်က ဘုရင်က မျက်နှာသာပေးသောကချေသည်မလေးကိုမနာလိုဖြစ်ကာ ခွေးယားသီးဖြင့်ပတ်ခဲ့သော အကုသိုလ်ကြောင့် နူနာရောဂါများဖြစ်ရသည်ဟူသောအတိတ်နှင့်“အမျက်ဒေါသကို ပယ်ရာ၏။ မာနကိုလည်း စွန့်ပစ်ရာ၏။ သံယောဇဉ်အနှောင်ဖွဲ့အားလုံးကို လွန်မြောက်ရာ၏။ နာမ်ရုပ်တို့၌ ငါ၏စိတ်၊ ငါ၏ကိုယ် ဟု မငြိတွယ် မကြောင်းကြသူတို့ထံသို့ ဆင်းရဲဒုက္ခတို့သည် မရောက်လာကြကုန်” ဟူသောတရားဒေသနာကိုဟောကြားတော်မူခဲ့သည်။ ဒေသနာတော်အဆုံး၌ ရောဟိနီမင်းသမီးသည် နူနာရောဂါများပျောက်ကင်းပြီး သောတာပန်ဖြစ်ခဲ့ရသည်။

သူမကံကုန်စုတိသောအခါ နတ်သားလေးပါးတို့ရဲ့ပိုင်နတ်အလယ်တည့်တည့်သို့ကျရောက်သွားသည်။ နတ်သားလေးယောက်တို့ သူပိုင်သင့်သည်၊ ငါပိုင်သင့်သည်ဆိုပြီးပြဿနာဖြစ်ကြတာပေါ့။ နောက်ဆုံးသိကြားမင်းထံ အဆုံးဖြတ်ခံရန်ရောက်သွားတော့သည်။ သိကြားမင်းက ရောဟိနီမင်းသမီးကိုမြင်မြင်ခြင်းဘယ်လိုခံစားရသနည်းလို့ နတ်သားလေးဦးတို့ရဲ့ဖုတ်လိုက်ဖုတ်လိုက်ရင်ခုန်သံတို့ကိုမေးကြည့်တော့သည်။
ပထမနတ်သားက....ရောဟိနီမင်းသမီးကိုမြင်မြင်ခြင်း စစ်မြေပြင်မှာတီးခက်သော စည်ကဲ့သို့ တဒုံးဒုံးဖြစ်ပါသတဲ့။
ဒုတိယနတ်သား.....တောင်ကျရေကဲ့သို့ ရင်ခုန်သံတွေတဝေါဝေါဖြစ်ပါသတဲ့
တတိယနတ်သားက...ပုဇွန်မျက်စိကဲ့သို့ မျက်စိပြူးထွက်လာပါသတဲ့
စတုတ္ထနတ်သားက....စေတီထိပ်၌ရှိသော တံခွန်ကဲ့သို့ လှုပ်ရှားယိမ်းယိုင်ပါသတဲ့...
ထိုအခါသိကြားမင်းက မောင်မင်းတို့ရဲ့ရင်ခုန်သံတွေက နှိမ်နှင်းနိုင်သေးတယ်...ငါကတော့ရောဟိနီမင်းသမီးကိုမရလျှင်ဖြင့်သေရချည်ရဲ့ဆိုပြီးသိမ်းပိုက်သွားပါသတဲ့ ရောဟိနီမင်းသမီးကတော့သိကြားမင်းရဲ့ချစ်လှစွာသောမိဖုရာဖြစ်သွားပါတယ်တဲ့။
ဒီအလှပြင်နည်းတွေကိုကြည့်မယ်ဆိုရင် “တံမြတ်လှည်းခြင်း” ဆိုတဲ့ အလှပြင်နည်းကိုတွေ့ရမည်သာဖြစ်သည်။ ဒါကြောင့်အလှပြင်နည်းလေးကို လင်္ကာလေးနဲ့တွဲမှတ်လိုက်တာပိုကောင်းမယ်ထင်ပါတယ်။
“သူများစတ်ကြည်၊ ကိုယ်စိတ်ကြည်နှင့်၊
တစ်လီနတ်ချစ်၊ ရောင်လစ်ဆင်းလှ၊
သေကာလ၌ ရောက်ရနတ်ပြည်၊
ဤငါးထွေသည်(အလှပြင်နည်း) တံမြတ်လှည်းခြင်းအကျိုးတည်း...”

မိမိတို့ခန္ဓာကိုယ်ကို ခေတ်မီပစ္စည်းတို့ဖြင့် အလှဆင်၊ အလှပြင်ကြသလို ပစ္စုပ္ပန်၊သံသရာလှစေနိုင်သော (တံမြက်လှည်းခြင်း) အလှပြင်နည်းဖြစ်သော ဘုရား၊ပုထိုးစေတီး၊ကျောင်းကန်တို့၌ တံမြတ်လှည်းခြင်းဖြင့် အလှပြင်နိုင်ကြပါစေ...
စစ်မှန်သော အလှပိုင်ရှင်များဖြစ်ကြပါစေလို့ဆန္ဒပြုရင်း...............မိုးညွတ်ခ

0 comments:

Post a Comment

ပြောချင်တာလေးများရှိရင်

Popular Posts